The network connection is lost.

Banner Image

ဘုန်းမောက်အသင်းရဲ့ နည်းပြသစ်အဖြစ် တိုးတက်လာဖို့ စိတ်လှုပ်ရှားနေတဲ့ မာကိုရို့စ်

မာကိုရို့စ်ကတော့ အေအက်ဖ်စီ ဘုန်းမောက်အသင်းကို တာဝန်ယူကိုင်တွယ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အလုပ်ခွင်မှာရော၊ တစ်ကိုယ်ရည်ဘဝမှာပါ ပိုပြီးတိုးတက်လာမယ့် အခွင့်အရေးတွေအပေါ် စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

သောကြာနေ့မှာ တရားဝင်မိတ်ဆက်ခဲ့တဲ့ ဒီဂျာမန်နည်းပြဟာ အန်ဒိုနီ အီရာအိုလာရဲ့နေရာကို ဆက်ခံခဲ့တာဖြစ်ပြီး ဒါဟာ အင်္ဂလန်ဘောလုံးလောကမှာ သူပထမဆုံးအကြိမ်အဖြစ် တာဝန်ယူကိုင်တွယ်တဲ့ နည်းပြဘဝလည်း ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာကိုရို့စ်ဟာ သူ့ရဲ့ နည်းပြဘဝစာမျက်နှာသစ်ကို စတင်ဖို့အတွက် ဘုန်းမောက်အသင်းကို ပရီမီယာလိဂ်ရော၊ ဥရောပပြိုင်ပွဲတွေမှာပါ ဦးဆောင်ရမယ့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။

"ကိုယ့်ရဲ့ သက်သောင့်သက်သာရှိတဲ့ နေရာကနေ ခွဲထွက်ပြီး၊ နိုင်ငံခြားကိုသွား၊ လူသစ်တွေနဲ့တွေ့၊ ယဉ်ကျေးမှုအသစ်တွေကို ခံစားပြီး ဘာသာစကားအသစ်တစ်ခုကို ပြောဆိုတာက လူတစ်ယောက်ကို ပိုပြီးရင့်ကျက်တိုးတက်လာစေမှာပါ" လို့ ရို့စ်က ဆိုပါတယ်။

"ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်နိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ ဒီကလူတွေက ကျွန်တော့်အတွက်တင်မဟုတ်ဘဲ ကျွန်တော့်ရဲ့ ဝန်ထမ်းအဖွဲ့ဝင်အားလုံးအတွက်ပါ အစစအရာရာ လွယ်ကူအောင် လုပ်ပေးကြတဲ့အတွက် ဒီမှာ အသားကျဖို့က တော်တော်လေး အဆင်ပြေပါတယ်။ အရာအားလုံးက အရမ်းကို မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့တာက ကျွန်တော့်အလုပ်တွေကို စတင်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ လူတိုင်းက ကျွန်တော့်ကို ကူညီကြသလို အားလုံးကလည်း ကျွန်တော့်အပေါ် ဖော်ဖော်ရွေရွေ ရှိကြတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး။ သူတို့က ဘောလုံးအကြောင်း ကောင်းကောင်းနားလည်ကြပြီး အိမ်ကွင်းရော အဝေးကွင်းမှာပါ အသင်းကို အားကြိုးမာန်တက် အားပေးကြတယ်လို့ ကြားသိထားပါတယ်။ လူသစ်တွေ ရောက်လာတိုင်း ဖြစ်လေ့ရှိသလိုပဲ၊ တစ်ဦးနဲ့တစ်ဦး အမြန်ဆုံး အကျွမ်းတဝင်ရှိဖို့က အရေးကြီးပြီး သူတို့နဲ့ တွေ့ဆုံဖို့လည်း တကယ်ကို စိတ်အားထက်သန်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။