The network connection is lost.

Banner Image

ဆက်စ်ကိုက ယူနိုက်တက်အတွက်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ နဗီးလ်ဝေဖန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိသလို၊ အသင်းကို ထိထိရောက်ရောက်မကူညီနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားဖို့ အဆင်သင့်မဖြစ်သေးကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ ပေါင် ၇၄ သန်းအထိ အသုံးပြုပြီး ဆက်စ်ကိုကို လိုက်ပ်ဇစ်မှ ခေါ်ယူခဲ့ပါတယ်။ သို့သော်လည်း ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်မှာခြေစွမ်းပြသဖို့ရုန်းကန်နေရပြီး ယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ် ၂ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်ရဖို့တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဆက်စ်ကိုဟာ အာဆင်နယ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်အဖြစ် လူစားလဲဝင်ရောက်ကစားခဲ့ပြီး ယမန်နေ့ညက ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် ဆက်လက်ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။ သို့သော်လည်း တိုက်စစ်မှူးဟာ အသင်းအတွက် တစ်စုံတစ်ရာအကူအညီပေးနိုင်ခဲ့ခြင်းမရှိဘဲ ၂ ပွဲစလုံးမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေအကြား မေးခွန်းထုတ်မှုတွေနဲ့ ကြုံတွေ့လာရပါတယ်။

ယခုအခါမှာတော့ နောက်ခံလူဟောင်း နဗီးလ်က "ကျွန်တော်ပြီးခဲ့တဲ့အပတ်မှာကတည်းက ဒီပွဲအတွက် စိုးရိမ်မိတယ်လို့ ပြောခဲ့ပါတယ်။ ဖူလ်ဟမ်က ဒီပွဲမှာ မှန်ကန်တဲ့လူစားလဲမှုတွေပြုလုပ်ခဲ့ပြီး ပိုကောင်းလာခဲ့ပေမယ့် ယူနိုက်တက်ကတော့ လူစားလဲတဲ့အပိုင်းမှာ မှားယွင်းမှုတွေရှိခဲ့ပါတယ်။ ဆက်စ်ကိုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ အခုချိန်မှာ သူကအဆင်သင့်မဖြစ်သေးပါဘူး။ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်မှုနဲ့ လျင်မြန်မှုကို အမီမလိုက်နိုင်သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး နဗီးလ်က ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ ဆက်စ်ကိုကို အချိန်ပေးပြီး ပွဲထွက်ကစားခွင့်ပိုပေးသင့်ကြောင်း "ဆက်စ်ကိုကို ဂရင်စ်ဘီနဲ့ပွဲမှာ မိန် ၉၀ လုံးကစားခွင့်ရသင့်ပါတယ်။ ပြီးရင်တော့ ဘန်လေနဲ့ပွဲမှာ ဆက်ကစားခိုင်းရပါတယ်။ သူ့ကိုဘာကြောင့်ဒီလိုကစားခိုင်းရမှာလဲဆိုတော့ သူ ဘောလုံးထိဖို့လိုအပ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် အင်္ဂလန်လိဂ်တူးကလပ် ဂရင်စ်ဘီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆက်စ်ကိုအနေနဲ့ အဆိုပါပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ စတင်ပါဝင်ခွင့်ရမလား စောင့်ကြည့်ရပါမယ်။