The network connection is lost.

Banner Image

စနေနေ့မွန်းလွဲ ၃ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ပိတ်ပင်ချက်ကို ဖျက်သိမ်းမယ့် ပရီးမီးယားလိဂ်ရဲ့ တောင်းဆိုမှုအပေါ် သတိထားဖို့ အန်ဒီဘန်ဟမ် တိုက်တွန်း

ဗြိတိန်မှာ စနေနေ့မွန်းလွဲ ၃ နာရီ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုပိတ်ပင်ချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘောလုံးလောအဆင့်ဆင့် ဖွဲ့စည်းပုံစနစ်အပေါ် သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်က တိုက်တွန်းလိုက်ပါတယ်။

ဒီစနစ်ကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အောက်တန်းလိဂ်ပွဲစဉ်တွေဆီ ပရိသတ်တွေ သွားရောက်အားပေးနိုင်ဖို့အတွက် စတင်မိတ်ဆက်ခဲ့ပြီး ရုပ်သံလိုင်းတွေက စနေနေ့အတွက် ရိုးရာသတ်မှတ်ချိန်ဖြစ်တဲ့ မွန်းလဲ ၃ နာရီမှာ ပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ခွင့် မရှိပါဘူး။

ဒီတိုက်ရိုက်ထုတ်လွှင့်မှုပိတ်ပင်တဲ့ စည်းမျဉ်းကို အင်္ဂလန်နဲ့ စကော့တလန်ဘောလုံးအဖွဲ့ချုပ်တွေက ချမှတ်ထားပြီး ထိပ်တန်းလိဂ်နှစ်ခုရဲ့ ပွဲစဉ် ၅၀ ရာခိုင်နှုန်းကို ညနေ ၃ နာရီမှာ ကစားဖို့ သတ်မှတ်ထားချိန် ဒီစည်းမျဉ်း အသက်ဝင်လာပါတယ်။

Sky၊ TNT Sports တို့နဲ့ ချုပ်ဆိုထားတဲ့ ပေါင် ၆ ဒသမ ၇ ဘီလီယံတန် စံချိန်တင်ပရီးမီးယားလိဂ်ရုပ်သံစာချုပ် မပြီးမချင်းတော့ ဘာအပြောင်းအလဲမှ ပြုလုပ်နိုင်ဖို့ မရှိသေးပါဘူး။ ဒီရုပ်သံလိုင်းတွေက တစ်ရာသီလုံးစာ ပွဲစဉ် ၃၈၀ မှာ ပွဲစဉ် ၂၇၀ အထိ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ရရှိထားပါတယ်။ အဲဒီစာချုပ်ကတော့ ၂၀၂၈-၂၀၂၉ ဘောလုံးရာသီကုန်ဆုံးချိန် သက်တမ်းပြည့်သွားပါလိမ့်မယ်။

ဒါပေမဲ့လည်း ပရိသတ်တွေက ထိပ်တန်းလိဂ်ဘောလုံးပွဲတွေကို တီဗွီမှကြည့်ရှုခွင့်မရရှိချိန် ဒီပိတ်ပင်ချက်ကြောင့် အောက်တန်းလိဂ်ပွဲစဉ်တွေဆီ ပရိသတ်လာရောက်အားပေးမှုအပေါ် ဆက်လက်အထောက်အကူပြုနေဆဲဖြစ်လို့ ဘယ်လိုအပြောင်းအလဲကိုမဆို သေချာစဉ်းစားသင့်တယ်လို့ ဘန်ဟမ် သတိပေးခဲ့ပါတယ်။

ဘန်ဟမ်က "ဒီပိတ်ပင်ချက်နဲ့ပတ်သက်ပြီး နည်းနည်း သတိထားဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အောက်တန်းလိဂ်ကလပ်အသင်းတွေရဲ့ဝင်ငွေကို ကာကွယ်ပေးထားလို့ပါပဲ" လို့ ပြောပါတယ်။

"အကယ်၍ အချိန်တိုင်းမှာ ပရီးမီးယားလိဂ်ဘောလုံးပွဲတွေကို တီဗွီမှ အပြည့်အဝ ကြည့်ရှုခွင့် ရနေမယ်ဆိုရင် အောက်တန်းလိဂ် ဒါမှမဟုတ် သာမန်ဒေသခံလိဂ်ပွဲစဉ်တွေဆီ သွားရောက်ကြည့်ရှုမယ့် စိတ်အားထက်သန်မှုတွေကို ဖယ်ရှားပစ်သလို ဖြစ်သွားနိုင်ပါတယ်"

"ဒါကြောင့် ဒါကို သေချာစဉ်းစားဖို့ လိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ သာမန်စားသုံးသူရှုထောင့်တစ်ခုတည်းမှ ကြည့်မှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘောလုံးလောက ရေရှည်ကျန်းမာသန်စွမ်းရေးရှုထောင့်မှပဲ ချဉ်းကပ်သွားပါမယ်" လို့ ဆိုပါတယ်။