The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့အကောင်းဆုံးကစားသမား ဘယ်သူလဲဆိုတာကို နာမည်တပ်ပြောပြလာတဲ့ ကိုးလ်ပယ်လ်မာ

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကို အထင်ကြီးလောက်စရာ ၃-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ချဲလ်ဆီးအသင်းရဲ့ အခုဘောလုံးရာသီ အကောင်းဆုံးကစားသမားဟာ ဘယ်သူဖြစ်မလဲဆိုတာကို ကိုးလ်ပယ်လ်မာက နာမည်နဲ့တကွ အတိအကျဖော်ပြခဲ့ပါတယ်။

ယမန်နေ့ညပိုင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အပြာရောင်တပ်သားတွေက ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းထက် သူတို့ရဲ့အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ရပ်ကို ချပြသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ချဲလ်ဆီးအတွက် ဂိုးတွေကို အန်ဇိုဖာနန်ဒက်ဇ်၊ ကွင်ဆာ(O.G)နဲ့ ပယ်လ်မာ(ပင်နယ်တီ)တို့က သွင်းယူပေးခဲ့ပြီး လီဗာပူးရဲ့တစ်လုံးတည်းသောချေပဂိုးကိုတော့ အသင်းခေါင်းဆောင်ဗန်ဒိုက်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်အပြီး ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က အင်္ဂလန်လက်ရွေးစင် ကိုးလ်ပယ်လ်မာကို ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်တိုက်စစ်ကစားသမားက ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုနဲ့ထိုက်တန်သူ ရှိနေတယ်လို့ ခံစားမိပြီး အသင်းဖော်တစ်ဦးကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ကိုင်စီဒိုနဲ့အတူ ယှဉ်တွဲရပ်နေတဲ့ ကိုးလ်ပယ်လ်မာက “ ဒီနေ့မှာ ကျွန်တော် ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ခံစားမိခဲ့ပါတယ်။ ပထမဆုံးအကြိမ်ဘောလုံးပေးပို့မှုမှစတင်ပြီး တိုက်စစ်ကစားနေဖို့အတွက် အရာရာတိုင်းကို ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ကိုယ့်ရဲ့အနားမှာ ကိုင်စီဒိုသာရှိနေမယ်ဆိုရင် ဒါက အိပ်မက်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။

ကိုင်စီဒိုက စက်တစ်လုံးလိုပါပဲ။ ဘောလုံးရာသီစတင်လာချိန်ကတည်းက သူက ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမား ဖြစ်လာခဲ့ပြီးပါပြီ။ အချိန်တိုင်း ဘောလုံးကို ပြန်ဆယ်နိုင်တယ်။ နေ့စဉ်နေ့တိုင်း ရာနှုန်းပြည့်ပေးဆပ်ကစားတယ်။ ရိုးသားနှိမ့်ချပြီး လူတိုင်းအပေါ် ချစ်ချစ်ခင်ခင်ပြုမူဆက်ဆံပါတယ်။ လူတိုင်းကလည်း ကိုင်စီဒိုကို ချစ်ခင်ပြီးသားပါ”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကိုးလ်ပယ်လ်မာအတွက် ချီးကျူးစကားပြောပေးဖို့ စိတ်အားထက်သန်နေတဲ့ ကိုင်စီဒိုက “ ကိုးလ်ပယ်လ်မာက အံ့သြစရာကောင်းတဲ့ ကောင်လေးပါ။ အမြဲတမ်းကြိုးစားအားထုတ်နေလေ့ ရှိပါတယ်။ သူ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ကိုးပယ်လ်မာက ဂိုးမသွင်းနိုင်ချိန်မှာတောင် ကျွန်တော်တို့အတွက် အကူအညီတွေ အများကြီးပေးပါတယ်။ သူက လူကောင်းတစ်ဦးဖြစ်ပြီး အရာရာတိုင်းနဲ့ ထိုက်တန်ပါတယ်”လို့ ဆိုပါတယ်။

ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုအတွက် ဆုံးဖြတ်ချက်အပေါ် သဘောတူလားလို့ မေးမြန်းလာမှုကို ကိုးပယ်လ်မာက “ ဆိုလိုတာက ဒီဆုကို ကျွန်တော်ယူလိုက်ရမယ်ပေါ့!”လို့ အရွှမ်းဖောက်ပြောဆိုလိုက်ပြီး ကိုင်စီဒိုကိုယ်တိုင်ကလည်း “ မဟုတ်ဘူး။ ဒီဆုကို ကိုးလ်ပယ်လ်မာကိုယ်တိုင် ထိုက်ထိုက်တန်တန် ရရှိတာပါ”လို့ ပြောပါတယ်။

ဘရိုက်တန်မှ ချဲလ်ဆီးဆီ အသင်းသမိုင်းတလျှောက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၅ သန်းဖြင့် ရောက်ရှိလာပြီးနောက် ကိုင်စီဒိုက စတမ်းဖို့ဒ်ဘရစ်ချ်အဖွင့်ရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ခံစစ်ကစားသမားက အခုဘောလုံးရာသီမှာတော့ တိုးတက်မှုတွေ ပြသလာနိုင်ပြီး လီဗာပူးနဲ့ပွဲစဉ်မှာလည်း ညာအစွန်ခံစစ်ကစားသမားအဖြစ် ပွဲထွက်ကာ သူ့ရဲ့စွယ်စုံရအရည်အသွေးကို သက်သေပြသွားပါတယ်။