လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့စောင့်ကြည့်မှုကို ရရှိနေချိန် ပီအက်စ်ဂျီမှထွက်ခွာဖို့ ဖိအားပေးလာတဲ့ ဘာကိုလာ
ပီအက်စ်ဂျီတောင်ပံကစားသမားဘာကိုလာက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ရဲ့စိတ်ဝင်စားမှုရှိနေချိန် အသင်းမှထွက်ခွာဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်မှာ လိုင်ယွန်အသင်းမှ ရောက်ရှိလာပြီး ပီအက်စ်ဂျီအသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို နှစ်ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။
အခုလိုစွမ်းဆောင်ထားနို်ငပေမဲ့ ပါရီမြေမှ ဘာကိုလာထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ အပြင်းအထန်ထွက်ပေါ်နေပြီး လီဗာပူး သို့မဟုတ် အာဆင်နယ်ဆီ သူပြောင်းရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ ဒီတောင်ပံကစားသမားက ပြင်သစ်ဘီလူးကြီးဆီမှ ထွက်ခွာနိုင်ဖို့ ဖိအားပေးနေပြီး သူ့ရဲ့ဆန္ဒကို ပီအက်စ်ဂျီအသင်းဆီ အသိပေးထားတယ်လို့ သိရပါတယ်။
အာဆင်နယ်ကိုအနိုင်ရရှိခဲ့တဲ့ ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဘာကိုလာက အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီး နည်းပြအင်းနရစ်ရဲ့ဦးစားပေးနေရာအတွက် ခဗာရက်စ်ခီလီယာရဲ့နောက်မှာပဲ ရှိနေခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက ဘာကိုလာကို ရောင်းချဖို့ မရည်ရွယ်ထားပေမဲ့ သူ့နေရာမှာ အစားထိုးမယ့် တောင်ပံကစားသမားသစ်တစ်ဦး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဆုံးဖြတ်ချက် ပြောင်းလဲသွားနိုင်ပါတယ်။
ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေက လီဗာပူးရဲ့ပစ်မှတ်လည်းဖြစ်သလို လိုက်ပ်ဇစ်မှာ အထူးတောက်ပနေတဲ့ ဒီအိုမန်ဒီကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။