အာဆင်နယ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်လိမ့်မယ်လို့ နဗီးလ် ခန့်မှန်း
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်ကတော့ ဒီနှစ် ချန်ပီယံလိဂ်ဖလားကို အာဆင်နယ်အသင်း ရရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီလအစောပိုင်းက အီးမရိတ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ၁-၀ နဲ့ အနိုင်ရရှိပြီး သမိုင်းသစ် ရေးထိုးကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ဂန်းနားတို့ရဲ့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခြင်းဖြစ်ပြီး ပရီမီယံလိဂ်ဇယားကို ဦးဆောင်နေတဲ့ သူတို့အသင်းဟာ ဆယ်စုနှစ် ၂ ခုကျော်အတွင်း ပထမဆုံး လိဂ်ဖလားကို ရယူနိုင်ဖို့ ယုံကြည်ချက်အပြည့်နဲ့ ချီတက်နေချိန်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ယုံကြည်မှုတွေ ဘယ်လောက်ရှိနေပါစေ၊ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲမှာတော့ အာဆင်နယ်ဟာ အလေးမသာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့အသင်းဖြစ်ပြီး ခန့်မှန်းချက်တွေအကြောင်း မေးမြန်းတဲ့အခါမှာတော့ ဒီပြင်သစ်ထိပ်သီးအသင်းကို အာဆင်နယ်က အနိုင်ရဖို့ အခွင့်အရေး အလွန်နည်းတယ်လို့ နဗီးလ်က ဖွင့်ဟခဲ့ပါတယ်။
"ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူတို့အနေနဲ့ ခံစစ်စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုကို သေချာစဉ်းစားဖို့လိုသလို မိမိတို့ထက် သာလွန်တဲ့ အသင်းတစ်သင်းကို ၉၀ မိနစ်အတွင်း ဘယ်လိုအနိုင်ယူမလဲဆိုတာကိုလည်း တွေးထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ပီအက်စ်ဂျီက သူတို့ထက် ပိုကောင်းနေလို့ပါပဲ၊ ဒါကို ငြင်းလို့မရပါဘူး။ အခုအချိန်မှာ ပီအက်စ်ဂျီက အာဆင်နယ်ထက် ပိုကောင်းတဲ့အသင်းဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာ သူတို့ သက်သေပြခဲ့ပြီးသားပါ" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် "မန်နေဂျာ အာတီတာအတွက်တော့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ရင် ဒါဟာ အဆင့်တစ်ခုကို တက်လှမ်းနိုင်မယ့် မယုံနိုင်စရာ အခွင့်အရေးပါပဲ။ ဒါပေမဲ့ အာဆင်နယ်အနေနဲ့ ပရီမီယံလိဂ်ကို ဗိုလ်စွဲဖို့က အချိန်အခါကောင်း ဖြစ်နိုင်ပေမဲ့ ချန်ပီယံလိဂ်ဖလား ရယူဖို့ကတော့ အချိန်အခါ မဟုတ်သေးဘူးလို့ ခံစားရပါတယ်။ လက်ရှိအချိန်က ပီအက်စ်ဂျီအတွက် ဖလားကို နှစ်ကြိမ်ဆက် ရယူနိုင်ဖို့နဲ့ လူးဝစ်င်းနရစ်က ဒီလိုစွမ်းဆောင်နိုင်တဲ့ ထိပ်တန်းနည်းပြကြီးတွေစာရင်းထဲ ဝင်နိုင်ဖို့ အချိန်အခါမျိုး ဖြစ်နေပါတယ်" လို့ နဗီးလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဥရောပဘုရင် ဖြစ်လာဖို့ ကြိုးစားကြမယ့် အသင်းနှစ်သင်းရဲ့ အကြိတ်အနယ်ပွဲစဉ်ကိုတော့ မေလ ၃၀ ရက်၊ စနေနေ့မှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ရှိ ပွတ်စ်ကပ်စ် အေရီနာကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။