အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံရတဲ့ ကိုးလ်ပယ်လ်မာကို ဘရာဇီးအသင်းမှာ လာကစားဖို့ ဂျော်အိုပက်ဒရိုတိုက်တွန်း
အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် ကိုးလ်ပယ်လ်မာကို ဘရာဇီးအသင်းအတွက် ပြောင်းလဲကစားပေးဖို့ ကလပ်အသင်းဖော်ဂျော်အိုပက်ဒရိုက အကြံပြုလိုက်ပါတယ်။
သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သောမတ်စ်တူချယ်ရဲ့ မြောက်အမေရိကဒေသဆီ သွားရောက်မယ့် အင်္ဂလန်ရဲ့ ၂၆ ဦးပါ လက်ရွေးစင်လူစာရင်းမှာ ကိုးလ်ပယ်လ်မာ မပါဝင်လာခဲ့လို့ ချဲလ်ဆီးကြယ်ပွင့်အတွက် တကယ်ကိုရင်နာစရာလက်တွေ့ဘ၀ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။
တူချယ်က "ပထမဆုံးအနေနဲ့ ကျွန်တော့်အမြင်အရ ကလပ်အသင်းအတွင်း တစ်ဦးချင်းခြေစွမ်းကျဆင်းနေမှုရဲ့အကျိုးဆက်ကို ပယ်လ်မာ ခံစားနေရတယ်၊ ပြီးခဲ့တဲ့ရာသီတွေနဲ့ယှဉ်ရင် အခုရာသီမှာ သူရဲ့ အဆုံးအဖြတ်ပေးနိုင်စွမ်းနဲ့ လွှမ်းမိုးနိုင်စွမ်း အားနည်းနေပါတယ်။ ဒုတိယအချက်ကတော့ သူက လက်ရွေးစင်အသင်းမှာလည်း ထိရောက်တဲ့ လွှမ်းမိုးမှုမျိုး မပြသနိုင်ခဲ့ဘူး" လို့ ပြောကြားခဲ့ပါတယ်။ အခုရာသီမှာ ဒဏ်ရာတွေအကြိမ်ကြိမ်ရရှိခဲ့လို့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ပါလ်မာရဲ့နံပါတ်-၁၀နေရာမှာ သူထက် ပိုမိုခြေစွမ်းပြနေတဲ့ ဘယ်လင်ဂမ်၊ အီဇီနဲ့ ရိုဂျာစ်တို့ကို တူချယ် ရွေးချယ်ခဲ့ပါတယ်။
ဘရာဇီးအသင်းရဲ့လူစာရင်းမှာ ချန်လှပ်ခံရတဲ့ ဂျော်ပက်ဒရိုကတော့ သူ့ရဲ့ကလပ်အသင်းဖော် ပယ်လ်မာကို ဘရာဇီးလ်အသင်းမှာ တိုက်ရိုက်ဝင်ကစားနိုင်ဖို့အတွက် နိုင်ငံပြောင်းကစားဖို့ အကြံပြုခဲ့ပါတယ်။
"ကိုးလ်ပယ်လ်မာက အရမ်းကို ပါးနပ်ပြီး မှော်ဆန်တဲ့ ကစားသမားပါ" လို့ ချယ်လ်ဆီးတိုက်စစ်မှူးက ပြောပါတယ်။ "ကျွန်တော်က သူ့ကို 'မင်း ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားဘူး' ဆိုပြီး ပြောခဲ့ဖူးပါတယ်။ အဲ့ဒီနောက် သူက ကျွန်တော့်ကို ပြန်ကြည့်နေခဲ့ပါတယ်။ အခုတော့ သူနဲ့အတူတူ ကစားကြည့်တဲ့အခါ သူက တခြားသူတွေနဲ့မတူဘဲ ထူးခြားနေတယ်ဆိုတာကို သိလိုက်ရပါပြီ။ ဘရာဇီးမှာ ပယ်လ်မာလိုကစားသမားမျိုး မရှိလို့ ကျွန်တော်က သူ့ကို 'မင်း ဘရာဇီးကို ဘာလို့မလာတာလဲ၊ အဲ့ဒီမှာ နံပါတ် ၁၀ နေရာ အသင့်ရှိတယ်၊ ဘာပြဿနာမှ မရှိဘူး' လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ကစားတာကို ကြည့်ရင် ၄-၂-၄ ပုံစံနဲ့ ကစားတာ၊ ကျွန်တော်တို့ဆီမှာ နံပါတ် ၁၀ ကစားသမား မရှိဘူး" လို့ ပက်ဒရိုက ဆိုပါတယ်။
ပယ်လ်မာက ချဲလ်ဆီးကစားသမားဘ၀၊ ဘောလုံးရာသီနှစ်ခုမှာ ပရီးမီးယားလိဂ် ၃၇ ဂိုးအထိ သွင်းယူထားပေမဲ့ အခုဘောလုံးရာသီမှာတော့ သူ့ရဲ့ခြေစွမ်းပိုင်း သိသိသာသာကျဆင်းသွားပါတယ်။ သူက ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဘရာဇီးအသင်းအတွက် အဆင်ပြေနိုင်ပေမဲ့ အင်္ဂလန်အသင်းအတွက်တော့ လုံလောက်တဲ့ ခြေစွမ်းမျိုးလို့ မဖြစ်လာခဲ့ပါဘူး။