မာတေးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ ဆွေးနွေးမှုတွေ စတင်နေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစွမ်းပြကွင်းလယ်လူ မာတေးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းအသင်းနဲ့ စတင်ဆွေးနွေးနေပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားခဲ့ရတဲ့ ရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲမှာ ၃၅ ပွဲအထိ ပွဲထွက်ကစားပေးခဲ့ကာ ၃ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဖာနန်ဒက်စ်ဟာ ဥရောပဘောလုံးလောကမှာ အသင်းကြီးတွေ အလိုချင်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့သလို တစ်ဖက်မှာလည်း ဝက်စ်ဟမ်းအသင်းဟာ ဒီနွေရာသီမှာ ကစားသမားရောင်းချမှုကနေ ပေါင် ၁၅၀ မီလီယံအထိ ရရှိဖို့ လိုအပ်နေပါတယ်။
Roundtable ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ဒီအပြောင်းအရွှေ့အတွက် ကုန်ကျမယ့် ငွေကြေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ ဝက်စ်ဟမ်းအသင်းနဲ့ ဆက်သွယ်ထားပြီး ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည်ပြင်ဆင်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသင်းရဲ့ နည်းပြသစ် မိုက်ကယ်ကားရစ်ကိုယ်တိုင်က ဒီအပြောင်းအရွှေ့ဖြစ်မြောက်အောင် တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။