တော့တင်ဟမ်နှင့် ကစားမယ့်ရာသီကြို ခြေစမ်းပွဲကို လွဲချော်မယ့် ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် စိတ်ပျက်စရာ ယူရို ၂၀၂၄ ရာသီအပြီးတွင် တော့တင်ဟမ်နှင့်ကစားမယ့် ရာသီကြိုခြေစမ်းပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ခြင်္သေ့သုံးကောင်နှင့်အတူ နိုင်ငံ့တာဝန်ကို ဇူလိုင် ၁၄ ရက်အထိတာဝန်ယူခဲ့တာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးစီဟာ ရာသီကုန်ပြီးနောက် အနည်းဆုံး ရက်သတ္တပတ် ၃ ပတ်အနားယူခွင့်ရှိတာကြောင့် ကိန်းဟာ ဩဂုတ်လပထမပတ်ပြီးနောက် လေ့ကျင့်ရေးပြန်ဆင်းရဖွယ်ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ Coupang Player Series တွင် ဩဂုတ် ၃ ရက်မှာ တောင်ကိုရီးယား၌ ရာသီကြိုခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တော့တင်ဟမ်နှင့် ကစားမှာဖြစ်ပါတယ်။ သို့သော်လည်း ကိန်းဟာ အခြားသော စူပါစတား အနည်းငယ်နှင့်အတူ အားလပ်ရက်မှာရှိနေတာကြောင့် အသင်းရဲ့ အာရှခရီးစဉ်သို့ လိုက်ပါနိုင်မှာ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ် နည်းပြသစ် ဗင်းဆင့်ကွန်ပနီက မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကိန်းရဲ့ မပါဝင်နိုင်မှုကို အတည်ပြုခဲ့ပါတယ်။ "ဟယ်ရီကိန်း၊ အယ်လ်ဖုန်ဆိုဒေးဗီစ်၊ အူပါမီကာနို နှင့် ကိုးမန်းတို့ဟာ အဆိုပါနေရာမှာရှိမှာမဟုတ်သော်လည်း ပထမဆုံးဖလားပွဲစဉ်အတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။
ကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ (ပေါင် သန်း ၁၀၀ / ဒေါ်လာ ၁၃၁ သန်း) ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာဖို့ ၃၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ချန်ပီယံ လေဗာကူဆင်ရဲ့နောက် ၁၈ မှတ်အကွာနဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ကိန်းဟာ တောင်ကိုရီးယားရှိ တော့တင်ဟမ်နှင့် ချစ်ကြည်ရေးခြေစမ်းပွဲကို လွဲချော်မည်ဖြစ်သော်လည်း အသင်းဟောင်းနှင့် သြဂုတ် ၁၀ ရက်တွင် တော့တင်ဟမ်ဟော့စပါးကွင်း၌ ထပ်မံတွေ့ဆုံခွင့်ရရှိမှာဖြစ်ပါတယ်။ ကိန်းဟာ ၂၀၂၃ ခုနှစ်တွင် ဂျာမနီသို့ ပြောင်းရွှေ့လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာမှာဖြစ်လို့ လန်ဒန်မြောက်ပိုင်းမှာ အင်္ဂလိပ်တိုက်စစ်မှူးအတွက် အမှတ်တရစေမှာပါ။
ပြိုင်ပွဲအရပ်ရပ်တွင် ဂိုးပေါင်း ၂၈၀ ဖြင့် တော့တင်ဟမ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထွက်ခွာသွားခဲ့တဲ့ ကိန်းကို သစ္စာရှိစွာဖြင့် တော့တင်ဟမ်မှ နွေးထွေးစွာ ဧည့်ခံမှာ သေချာပါတယ်။