The network connection is lost.

Banner Image

ဘာစီလိုနာအသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံလိုက်ရတဲ့ တာစတီဂန်

ယခုနွေရာသီအတွင်း ဘာစီလိုနာနဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဂိုးသမား မာ့ခ်အန်ဒရေတာစတီဂန်ဟာ ယခုအခါမှာတော့ နည်းပြ ဟန်ဆီဖလစ်ရဲ့ဆုံးဖြတ်ချက်နဲ့အတူ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းရဲ့ထုံးစံအရ အသင်းခေါင်းဆောင်ကိုရွေးချယ်တဲ့အခါ အသင်းရဲ့ကစားသမားတွေကပဲ မဲပေးရွေးချယ်လေ့ရှိကြတာကြောင့် လာမယ့် ၂၀၂၅-၂၆ ရာသီမှာလည်း ထိုအတိုင်းဆက်လုပ်ဖို့ ရည်ရွယ်ထားပေမယ့် ယခုအခါမှာတော့ ထိပ်တန်းအရာရှိအချို့ရဲ့ တိုက်တွန်းချက်တွေအရ ဟန်ဆီဖလစ်အနေနဲ့ တာစတီဂန်ကို ရာထူးကနေ ဖယ်ရှားလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ 

တာစတီဂန်အနေနဲ့ သူ့ရဲ့ ဆေးစစ်ထားတဲ့ မှတ်တမ်းကို ဘာစီလိုနာအသင်းထံ တင်ပြဖို့ ငြင်းပယ်ခဲ့တာကြောင့် အသင်းရဲ့ ထိပ်ပိုင်းအရာရှိအချို့နဲ့ သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ နည်းပြဟန်ဆီဖလစ်ရဲ့ဆုံးဖြတ်ချက်နဲ့ ဂျာမန်သားကို အသင်းခေါင်းဆောင်ရာထူးမှ ဆက်လက်ထားရှိဖို့ မဖြစ်နိုင်တော့ကြောင်း ဘာစီလိုနာက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အချို့ စပိန်သတင်းဌာနတွေကတော့ ဖလစ်ဟာ အခုချိန်အထိ တာစတီဂန်ကို ရာထူးကနေ ဖယ်ရှားခြင်းမပြုရသေးဘဲ ရာသီကြိုခရီးစဉ်အပြီး အသင်းသို့ပြန်လည်ရောက်ရှိချိန်မှသာ ဂိုးသမားနဲ့ ဆွေးနွေးမှုတွေ ပြလုပ်သွားမယ်လို့ ဖော်ပြနေကြပါတယ်။ တာစတီဂန်အနေနဲ့ ယခုလိုအသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံရမယ်ဆိုတာ ကြိုတင်ရိပ်မိထားခဲ့ပုံပေါ်ပေမယ့် သူ့ကိုမဲပေးထားခဲ့ကြတဲ့ ဘာစီလိုနာကစားသမားတွေအနေနဲ့တော့ ဖလစ်ရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်နိုင်မှာမဟုတ်ကြောင်း သတင်းတွေကဆိုပါတယ်။ ဒါကြောင့် တာစတီဂန်နဲ့ ဘာစီလိုနာအကြီးအကဲတွေအကြား တင်းမာမှုတွေဖြစ်လာနိုင်ပြီး ကလပ်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်လာစေမလဲ စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။