
တာစတီဂျန်အခြေအနေကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဆက်ဇနီ
ဘာစီလိုနာဂိုးသမား ဆက်ဇနီက အသင်းခေါင်းဆောင် တာစတီဂျန်အခြေအနေကို သူ့ယခင်အခြေအနေဟောင်းနဲ့ နှိုင်းယှဉ်ပြလိုက်ပါတယ်။ ပိုလန်သားက သူ့အနေနဲ့ ဂျာမန်သားအခြေအနေကို စာနာမိသလို ယခင်တုန်းက သူလည်းပဲ အခုလိုအခြေအနေမျိုးဖြစ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ဆယ်စုနှစ်တာကာလအတွင်းမှာ အဓိကဂိုးသမားဖြစ်ခဲ့တဲ့ တာစတီဂျန်ဟာ ဂါစီယာရောက်လာပြီးနောက်မှာ နေရာရဖို့မသေချာတော့တာဖြစ်ပါတယ်။
ဘာစီလိုနာကလည်း ဂိုးသမားနေရာအတွက် ဂါစီယာကို အက်စ်ပန်ညိုအသင်းထံကနေ ပေါင် ၂၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။အသက် ၂၄ နှစ်သားဟာ ဘာစီလိုနာရဲ့ပထမဆုံး ၇ ပွဲကို စတင်ထားခဲ့ပါတယ်။ မန်ဒိုသတင်းဌာနနဲ့အင်တာဗျူးမှာ ဆက်ဇနီက “လက်ရှိအခြေအနေက တာစတီဂျန်အတွက် ကျေနပ်စရာအခြေအနေလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော် ဂျူဗင်တပ်စ်မှာတုန်းကလည်း တူညီတဲ့အခြေအနေမျိုးခံစားခဲ့ရပြီး အနားယူဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ မာ့ခ်ကို ကျွန်တော်တူညီတဲ့အကြံမျိုးမပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဘောလုံးကစားနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ခင်ဗျားကိုနာကျင်စေတဲ့ဆုံးဖြတ်ချက်တွေကို လက်ခံရပါမယ်။
အသင်းဘက်က ဂျိုအန်ကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကို လာမယ့် ၁၅ နှစ်လောက်အတွက် ရည်ရွယ်ပြီးခေါ်ယူခဲ့တာပါ။ အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် နှစ်အကြာကြီးဖြစ်လာခဲ့ပြီးနောက် အခုအခြေအနေက စိတ်ပျက်စရာလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် မာ့ခ်က ဉာဏ်ကောင်းတဲ့ကစားသမားဖြစ်သလို အခြေအနေတွေကို သူနားလည်မယ်လို့ ထင်ပါတယ်။
အသင်းဘက်က အခုလက်ရှိအတွက်တင်မဟုတ်ပဲ အနာဂတ်အတွက်ပါ စဉ်းစားခဲ့တာပါ။ နွေရာသီတုန်းက ကျွန်တော်တို့စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ သူ့အတွက် အခုလက်ရှိမှာအရေးအကြီးဆုံးက ပုံစံကောင်းပြန်ရဖို့ပါ။ ဘာလို့လဲဆိုတော့ သူပြီးခဲ့တဲ့နှစ်တစ်နှစ်လုံး လွဲချော်ခဲ့တာပါ။ လက်ရှိမှာ ဒဏ်ရာဟောင်းကို ကုစားနေရသလို မကြာခင်မှာ သူပြန်လာနိုင်တော့မှာပါ။ ဘောလုံးရပ်ဝန်းမှာ သူအများကြီးလုပ်စရာကျန်နေပါသေးတယ်”လို့ ဆက်ဇနီက ပြောကြားခဲ့ပါတယ်။
ဂျာမန်သားဟာ နောက်ကျောဒဏ်ရာခွဲစိတ်တာကို အသင်းထံအသိမပေးခဲ့တာကြောင့် ရာသီကြိုခရီးစဉ်အတွင်း အသင်းနဲ့ အဝေးမှာ လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။ အသင်း နဲ့ သူ့ကြာဒးမှာ ပြဿနာတက်ခဲ့တာကြောင့် ဂါစီယာကို မှတ်ပုံတင်ဖို့အတွက် နောက်ကျမှုတွေရှိနိုင်တယ်လို့ သတင်းတွေထွက်ခဲ့သေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂ ဦး ၂ ဖက်ဆွေးနွေးအပြီးမှာတော့ အခြေအနေတွေက ပြေလည်ခဲ့ပါတယ်။ ဘာစီလိုနာ နဲ့ မာ့ခ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိစာချုပ်ကျန်နေပေမယ့် လာမယ့်နွေမှာ အသင်းပြောင်းဖို့များနေပါတယ်။ အသက် ၃၃ နှစ်သားကတော့ သူ့အနေနဲ့ အသသင်းမှာဆက်နေနိုင်ဖို့ အခွင့်အရေးရလာရင် သက်သေပြချင်နေပါတယ်။ ဂျာမန်သားကို ပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။