
ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ဖို့ ရက်ရှ်ဖို့ဒ်ကို တိုက်တွန်းထားတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ဟာ မန်ချက်စတာယူနိုက်တက်မှ တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ထံမှ အကောင်းဆုံးပုံစံရအောင် ညှစ်ထုတ်ဖို့ကြိုးစားနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ်ဖို့ တိုက်တွန်းထားတယ်လို့သိရပါတယ်။
ဘာစီလိုနာသို့စတင်ရောက်ရှိချိန်ကတည်းက အသင်းကို ပုံစံကောင်းရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ဟန်ဆီဖလစ်ဟာ ကစားသမားတွေကိုလည်း အကောင်းဆုံးခြေစွမ်းတွေတည်ဆောက်ပေးထားနိုင်တာဖြစ်ပါတယ်။ ဂျာမန်သားရဲ့လက်အောက်မှာ ဘာစီလိုနာကြယ်ပွင့်တွေဖြစ်တဲ့ ရာဖင်ဟာ၊ ဖာရန်းတောရက်စ်နဲ့ အဲရစ်ဂါစီယာတို့ဟာ အတော်လေးတိုးတက်လာခဲ့ကြပြီး ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်အနေနဲ့လည်း အဆိုပါကစားသမားတွေလိုဖြစ်လာဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
ရှက်ရှ်ဖို့ဒ်ဟာ မကြာသေးမီရာသီတွေအတွင်း ခြေစွမ်းပိုင်းအတော်လေးကျဆင်းသွားခဲ့သလို ယုံကြည်မှုလည်း ပျောက်ဆုံးနေခဲ့တာကြောင့် ဘာစီလိုနာမှာတော့ အဖက်ဖက်ကနေ သူ့ကိုယ်သူပြန်လည်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ယခုရာသီမှာ အင်္ဂလန်သားဟာ ဘာစီလိုနာအတွက် ပွဲထွက်ကစားသမားအဖြစ် ၂ ပွဲပါဝင်ကစားထားပြီး အရန်ကစားသမားအဖြစ် ၂ ပွဲပါဝင်ခွင့်ရထားပါတယ်။
ပြီးခဲ့တဲ့ ဗလန်စီယာနဲ့ပွဲမှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် တိုးတက်မှုတွေရှိလာခဲ့ပြီလို့ဆိုရမှာလည်းဖြစ်ပါတယ်။ ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပြန်လည်ရွေးချယ်ခံထားရပြီး သောမတစ်တူချယ်လ်ရဲ့ယုံကြည်မှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။
သတင်းတွေအရ ဖလစ်ဟာ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာကြယ်ပွင့်တွေဖြစ်တဲ့ လာမိုင်းယာမယ်လ်၊ ပီဒရီတို့နဲ့ တွဲဖက်ပေးပြီး တိုက်စစ်ပိုင်းမှာ ပုံသေအသုံးချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ယူနိုက်တက်မှ အငှားစာချုပ်နဲ့ထွက်ခွာလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့လည်း ဘာစီလိုနာနဲ့ အပြီးသတ်လက်တွဲလိုနေတာကြောင့် သူ့ရဲ့အကောင်းဆုံးပုံစံကိုရရှိဖို့ လာမယ့်ပွဲစဉ်တွေမှာ အတတ်နိုင်ဆုံးကြိုးစားသွားရမှာဖြစ်ပါတယ်။