ဒဏ်ရာကြောင့် အဲရစ်ဂါစီယာကို ဘာစီလိုနာဆီ ပြန်လည်စေလွှတ်လိုက်ပြီလို့ စပိန်အသင်း အတည်ပြု
ဘာစီလိုနာနောက်ခံလူအဲရစ်ဂါစီယာက ဒဏ်ရာကြောင့် စပိန်အသင်းရဲ့နေရှင်းလိဂ်ပြိုင်ပွဲဝင်လူစာရင်းမှ ထွက်ခွာကာ ကလပ်အသင်းဆီ ပြန်လည်ရောက်ရှိသွားပါတယ်။
ဒီကတ္တလန်ဗဟိုခံစစ်မှူးက ဘယ်ဘက်ဒူးနာကျင်မှု ခံစားနေရတယ်လို့ အသိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဝင်ဘာလေကွင်းမှာ အင်္ဂလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ လွဲချော်ခဲ့ပါတယ်။
သူက လန်ဒန်မြေပွဲစဉ်မှာ ပွဲထွက်ကစားဖို့ စီစဉ်ထားခဲ့ပေမဲ့ ကြိုတင်ကာကွယ်မှုအဖြစ် နောက်ပိုင်းမှာ အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။
Marca ရဲ့ နောက်ဆုံးဖော်ပြချက်အရ အဲရစ်ဂါစီယာက ဘာစီလိုနာဆီ ပြန်လည်ရောက်ရှိနေပြီး ကလပ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ် ပြန်လည်မစတင်မီ အခုသီတင်းပတ်ရဲ့လက်ကျန်နေ့ရက်တွေမှာ အနားယူသွားလိမ့်မယ်လို့ သိရပါတယ်။
သူ့ရဲ့ဒဏ်ရာအခြေအနေ သိပ်မပြင်းထန်ဘူးလို့ ယူဆရပေမဲ့ ဘာစီလိုနာအသင်းရော၊ စပိန်အသင်းပါ သတိကြီးကြီးထားချဉ်းကပ်ချင်လို့ သူ့နေရာမှာ အက်သလက်တီကိုမက်ဒရစ်ကစားသမားလီနော်မန်ကို အစားထိုးခေါ်ယူခဲ့ပါတယ်။
နည်းပြဒီလာဖွန်တေရဲ့ လက်ရှိဥရောပနဲ့ကမ္ဘာ့ချန်ပီယံစပိန်အသင်းက စက်တင်ဘာ ၂၉ ရက်၊ ဆီဗီလာမှာ ခရိုအေးရှားကို ဧည့်ခံကစားသွားရပါမယ်။