The network connection is lost.

Banner Image

ဗလန်စီယာကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဘာစီလိုနာအတွက် ပြီးပြည့်စုံတဲ့ညတစ်ခုလို့ ကြွေးကြော်လိုက်တဲ့ ဟန်စီဖလစ်ခ်

ဟန်စီဖလစ်ခ်က အခုဘောလုံးရာသီမှာ သူ့ရဲ့အသင်းကို ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ဒီနေ့မနက်ပိုင်း၊ ဗလန်စီယာကို ၆-၀ ဂိုးဖြင့် အနိုင်ယူပြီးချိန်မှာတော့ ပျော်ရွှင်နေသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖာမင်လိုပက်ဇ်၊ ရာဖင်ဟာနဲ့ လီဝန်ဒေါစကီးတို့ရဲ့ တစ်ဦးလျှင်နှစ်ဂိုးနှုန်းသွင်းယူမှုက ကတ္တလန်ဘီလူးကြီးတွေအတွက် ဂိုးဒါဇင်ဝက်နိုင်ပွဲတစ်ခုကို ဖြစ်တည်စေခဲ့ပါတယ်။

ပွဲစဉ်အပြီး Movistar သတင်းဌာနနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ ပွဲစတင်လာချိန်ကတည်းက ကျွန်တော်တို့ ဘာလုပ်ချင်သလဲဆိုတာကို ပြသခဲ့ပါတယ်။ ဒီလိုအရာတွေကို ကျွန်တော်တို့ မြင်တွေ့ဖူးပြီးသားပါ။ ကွင်းတွင်းမှာဆိုရင်လည်း ဖာမင်လိုပက်ဇ်သာမက ကစားသမားအားလုံး ပျော်ပျော်ရွှင်ရွှင်ကြိုးစားပမ်းစား ကစားခဲ့ပါတယ်။

အသင်းက နေရာတိုင်းမှာ ထူးချွန်လွန်းပါတယ်။ ဒီသုံးမှတ်ကတော့ ပြီးပြည့်စုံလွန်းပါတယ်။ ကျွန်တော့်အတွက်ဆိုရင်လည်း ဖာရန်တောရက်စ်နဲ့ လီဝန်ဒေါစကီးတို့အကြား ဘယ်သူ့ကိုရွေးချယ်ရမလဲ ဆုံးဖြတ်ရတာ အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဟန်စီဖလစ်ခ်က ရာဖင်ဟာကို အရန်ခုံပို့ကာ ရိုနီဘာ့ဂျီးကို ကတ္တလန်ဘီလူးကြီးအတွက် ပွဲဦးထွက်ပါဝင်ကစားဖို့ အခွင့်အရေးပေးခဲ့မှုအပါအဝင် အသင်းလူစာရင်းရွေးချယ်မှုအကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဘာစီလိုနာနည်းပြက “ ရိုနီဘာ့ဂျီးကိုယ်တိုင် အကောင်းဆုံးလေ့ကျင့်ခဲ့လို့ သူပါဝင်ကစားပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရာဖင်ဟာမှာ ထိပ်တန်းစိတ်နေစိတ်ထားမျိုး ရှိပါတယ်။ အခုကိစ္စကတော့ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ လူတိုင်းအတွက် ပွဲစဉ်တွေ ရှိလာပါလိမ့်မယ်။ ရာဖင်ဟာနဲ့ အရူဂျိုတို့ဆိုရင် ခရီးအရှည်ကြီးထွက်ခွာခဲ့ရသူတွေ ဖြစ်ပါတယ်။ လမိုင်းယာမယ်လ်ပြဿနာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အရာတွေထက် ထပ်ပြီးပြောဖို့ မလိုတော့ပါဘူး”လို့ ဆိုပါတယ်။

အထူးသဖြင့် အခုနိုင်ပွဲက လမိုင်းယာမယ်လ်အပါအဝင် ဒဏ်ရာရကစားသမားများစွာရှိနေတဲ့ ဘာစီလိုနာအတွက် ထူးရှယ်အခိုက်အတန့်ဖြစ်လာခဲ့ပြီး နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက်လည်း ခွန်အားတစ်ရပ် ဖြစ်စေပါတယ်။