မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းရဲ့အဓိက ကစားသမားတွေကဒဏ်ရာရရှိနေပြီး အပြောင်းအလဲများစွာပြုလုပ်ထားရတာကြောင့် နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်မှာ သူကိုယ်တိုင်ပါဝင်ကစားရဖို့ရှိနေတယ်လို့ ဟာသလုပ်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ဖလားသုံးလုံး ချန်ပီယံတွေဟာ ၃ ပတ်အတွင်း ၇ ပွဲအထိ ကစားနေရတာကြောင့် ဂွါဒီယိုလာက ဗုဒ္ဓဟူးနေ့မှာယှဉ်ပြိုင်မယ့် နယူးကာဆယ်နဲ့ပွဲစဉ်မှာ အပြောင်းအလဲတွေပြုလုပ်ထားတယ်လို့ အသိပေးပြောဆိုလာခဲ့ပါတယ်။ မန်စီးတီးရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်း၊ ဂျွန်စတုန်းစ်၊ ကိုဗာဆစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဂွါဒီယိုလာဟာ ကစားသမားရွေးချယ်မှုမှာ အခက်အခဲနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၁၇ နှစ်က ဘောလုံးလောကမှ အနားယူခဲ့တဲ့ ဘာစီလိုနာကစားသမားဟောင်း ဂွါဒီယိုလာက ၎င်းရဲ့ နောက်ကျောဒဏ်ရာကို ပြန်လည်ကုသပြီးနောက် ကွင်းထဲသို့ တစ်ဖန်ပြန်လည် ခြေချရဖို့ ရှိတယ်လို့ အရွှန်းဖောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းက "ဒီရာသီမှာ ပွဲတွေအများကြီး ကစားထားရတဲ့ကစားသမားအချို့က နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပါဝင်လာမှာမဟုတ်ပါဘူး။ ကာရာဘောင်ဖလားပြိုင်ပွဲက ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေအတွက် အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုပါ။ ဒါပေမယ့် အဓိကကစားသမားတွေရဲ့ စွမ်းအင်ကိုတော့ ဒီဖလားပြိုင်ပွဲအတွက် ၁ ရာခိုင်နှုန်းတောင် ဖြုန်းတီးသွားမှာမဟုတ်ပါဘူး။ ဥပမာ ကိုင်လ်ဝေါ်လ်ကာနဲ့ ရူဗင်ဒီးယက်စ်လိုကစားသမားတွေက ကျွန်တော်တို့အသင်းအတွက် ပွဲချိန်ပြည့်ကစားရသလို နိုင်ငံအသင်းမှာလည်း ပွဲချိန်ပြည့်ကစားရတာကြောင့် အရမ်းပင်ပန်းနေကြပါပြီ။ ဒါကြောင့် ဒီပွဲကို ကစားရမယ့်လူတွေက အကယ်ဒမီက ကစားသမားတွေပါ။ ပြီးတော့ကျွန်တော်လည်း ပါလာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ကျောဒဏ်ရာက သက်သာလာပါပြီ။ ဒါကြောင့် မိနစ်အနည်းငယ်တော့ ကစားနိုင်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့နောက်ထပ်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူရိုဒရီကလည်း ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ၃ ပွဲအထိ ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဟာ ပွဲချိန်အတွင်း ရှက်ဖီးလ်ကစားသမား မော်ဂန်ဂစ်ဘ်စ်ဝှုက်ကို လည်ပင်းညှစ်ခဲ့တာဖြစ်ပြီး ချက်ချင်းအထုတ်ခံခဲ့ရသော်လည်း မန်စီးတီးကတော့ ၂-၀ နဲ့အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ရိုဒရီဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပါဝင်လာမှာမဟုတ်ဘဲ စနေနေ့မှာ ကစားမယ့် ဝုဗ်နဲ့ပွဲစဥ်၊ အောက်တိုဘာ ၈ ရက်နေ့မှာကစားမယ့် အာဆင်နယ်နဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာကလည်း အသင်းရဲ့အရေးပါတဲ့ကစားသမား ရိုဒရီကို တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ဒေါသအိုးပေါက်ကွဲခဲ့ပြီး အသင်းကတော့ အဆိုပါပြစ်ဒဏ်ကို အယူခံဝင်ဖို့မရှိဘူးလို့ဆိုပါတယ်။
ဂွါဒီယိုလာက "ကျွန်တော် အသင်းနဲ့ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီပြစ်ဒဏ်ကို ပြောင်းလဲနိုင်ဖို့ အယူခံဝင်မှာမဟုတ်ပါဘူး။ ဒါကကျွန်တော့်အတွက် ၃ ပွဲမက နစ်နာနိုင်ပေမယ့် စည်းကမ်းက စည်းကမ်းပါပဲ။ ဒီအတွေ့အကြုံကနေ သူ သင်ယူရပါမယ်။ ဒါမျိုးထပ်မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ ရိုဒီရီကြောင့် ၎င်းရဲ့နေရာမှာအစားဝင်မယ့် အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်အတွက် ပွဲထွက်ခွင့်ရရှိဖို့အခွင့်အရေးရလာခဲ့ပြီး ကစားသမားဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ လိဒ်ယူနိုက်တက်မှ အီတီဟတ်သို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲစဉ်မှာလည်း အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ ဂွါဒီယိုလာက ဖီးလစ်ကို လူစားထိုးထည့်သွင်းခဲ့ပြီး ကစားသမားဟာ ၃၉ မိနစ်လောက်အထိ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာက "ကျွန်တော်တို့ဖြစ်စေချင်တဲ့အတိုင်း သူကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူကကျွန်တော့်အတွက် အရမ်းအသုံးဝင်တဲ့ကစားသမားတစ်ယောက်ပါ။ အင်္ဂလန်လက်ရွေးစင် တစ်ယောက်လည်းဖြစ်ပြီး သူကစားခဲ့တဲ့အချိန်တွေအတွက် တစ်ချိန်မှ စိတ်မပျက်စေခဲ့ပါဘူး။ သူက ကျွန်တော်တို့အတွက် အချိန်အများကြီး မပါဝင်နိုင်ခဲ့ပေမယ့် အကောင်းဆုံးကူညီပေးနိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။