
မိုနာကိုနဲ့ပွဲမှာ ပွဲပြီးကာနီးမှ ပင်နယ်တီပေးခဲ့ရလို့ ဒေါသအိုးပေါက်ကွဲနေတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ကြာသပတေးနေ့နံနက်က မိုနာကိုကို ၂-၂ နဲ့သရေကျခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးကာနီးမှာ ပင်နယ်တီပေးခဲ့ရလို့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြစ်တင်လာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ မန်စီးတီးဟာ တိုက်စစ်မှူးအာလင်းဟာလန်းရဲ့သွင်းဂိုးတွေနဲ့ မိုနာကိုကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်ပြီး အနိုင် ၃ မှတ်ရဖို့ နီးစပ်ခဲ့ပေမယ့် ပွဲပြီးကာနီး မိနစ် ၉၀ မှပေးခဲ့ရတဲ့ အငြင်းပွားဖွယ်ပင်နယ်တီပြစ်ဒဏ်ဘောကြောင့် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပင်နယ်တီဟာ မန်စီးတီးအတွက် အတော်လေးအငြင်းပွားစရာဖြစ်ခဲ့ပြီး စောဒကတက်မှုတွေကြောင့် လက်ထောက်နည်းပြ ၂ ဦးအထိ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
မိုနာကိုဟာ ၈၉ မိနစ်မှာရရှိခဲ့တဲ့ ဖရီးကစ်ကန်ချက်မှတစ်ဆင့် မန်စီးတီးနောက်ခံလူ နီကိုဂွန်ဇာလက်ဇ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့်ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို အဲရစ်ဒိုင်ယာက အမှားအယွင်းမရှိကန်သွင်းခဲ့တာဖြစ်ပါတယ်။VAR ရဲ့စစ်ဆေးချက်တွေအရ ဂွန်ဇာလက်ဇ်ဟာ ပြစ်ဒဏ်ဘောကန်ချက်ကို တားဆီးရာမှာ ဒိုင်ယာရဲ့မျက်နှာကို ခြေထောက်နဲ့မဆိုသလောက်လေး ထိခိုက်မိခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက "စပိန်ဒိုင်တွေအကြောင်းတော့ မပြောချင်တော့ပါဘူး။ ကျွန်တော်တို့ ဒီနေ့မှာ အရမ်းကောင်းအောင်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းပိုဖန်တီးနိုင်ခဲ့ပါတယ်။ မိုနာကိုမှာ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး အရမ်းမြန်တဲ့ကစားသမားတွေရှိပေမယ့် ကျွန်တော်တို့ဘက်က အသာစီးနဲ့ကစားနိုင်ခဲ့လို့ ကျေနပ်ပါတယ်"
"ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရကာနီးမှ အဆုံးမှာ ပြစ်ဒဏ်ဘောကိုကောင်းကောင်းမကာကွယ်နိုင်ခဲ့လို့ ပင်နယ်တီပါ ခွင့်ပြုခဲ့ရပါတယ်။ ဘောလုံးမှာ ဘယ်ရလဒ်နဲ့မဆို အနိုင်ရဖို့က အရေးကြီးပါတယ်။ ဒီပွဲကို ပြန်ပြီးသုံးသပ်မယ်ဆိုရင် ကျွန်တော်တို့အနိုင်ရသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ တစ်ဆင့်ချင်းစီရှေ့တက်ပြီး ပိုကောင်းလာခဲ့ပါတယ်။ ဒီပွဲမှာ ဖီးလ်ဖိုဒန်အပါအဝင် အသင်းရဲ့ကစားသမားတွေအားလုံး အခွင့်အရေးတွေရခဲ့ပြီး သူတို့ဘက်ကိုလည်း အခွင့်အရေးတွေမရအောင်ဟန့်တားနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာတော့ ကျွန်တော်တို့ခံစစ်ပိတ်ကစားပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့သင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မိုနာကိုဂိုးသမား ဖီးလစ်ကွန်းက အထူးလက်စွမ်းပြသခဲ့သလို၊ ဖိုဒန်နဲ့ တီဂျာနီရိုင်ဒါတို့ကလည်း ဘားတန်းတွေထိမှန်အောင်ကန်မိခဲ့လို့ မန်စီးတီးအနေနဲ့ သရေတစ်မှတ်နဲ့သာကျေပ်ခဲ့ရပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပါတယ်။