The network connection is lost.

Banner Image

အက်ဖ်အေဖလားပြိုင်ပွဲမှာ အသုံးပြုတဲ့ဘောလုံးအမျိုးအစားကို ဝေဖန်လိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အင်္ဂလန်ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ အသုံးပြုနေတဲ့ ဘောလုံးအမျိုးအစားကို ထုတ်ဖော်ဝေဖန်ခဲ့ပါတယ်။ အလားတူ ယခင်ကလည်း အာဆင်နယ်နည်းပြအာတီတာက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီး သူ့ရဲ့ဒေါသတွေကို ပွဲစဉ်မှာအသုံးပြုခဲ့တဲ့ ဘောလုံးဆီ ပုံချခဲ့ဖူးပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့စနေနေ့မှာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာခဲ့ပေမယ့် အဲ့ဒီပွဲစဉ်မှာ ပက်ဂွါဒီယိုလာရဲ့အသင်းက ဂိုးပေါက်လွဲချော်သည့်ကန်ချက်အကြိမ် ၂၀ အထိ ရှိခဲ့ပါတယ်။ ပက်ဂွါဒီယိုလာကတော့ အက်ဖ်အေဖလားပြိုင်ပွဲမှာအသုံးပြုနေတဲ့ Mitre ဘောလုံးတွေနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။

သူက “ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုတဲ့ဘောလုံးက ထူးခြားပါတယ်။ ပရီးမီးယားလိဂ်မှာအသုံးပြုတဲ့ ဘောလုံးလည်း ထူးခြားပါတယ်။ ဒီပြိုင်ပွဲမှာတော့ အဲ့ဒီလိုပုံစံမျိုးမဟုတ်ပါဘူး။ ဒီဘောလုံးအမျိုးအစားက ဘောလုံးထိန်းသိမ်းတဲ့နေရာမှာ အခက်တွေ့စေပါတယ်။ ကိုယ်ရှုံးနိမ့်သွားချိန်တိုင်းမှာ ညည်းညူနေလို့ရပေမယ့် ဒီဘောလုံးအမျိုးအစားကတော့ မဟုတ်သေးပါဘူး။ ဒါက အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေမှာ နှစ်ပေါင်းများစွာ ဖြစ်ပျက်နေခဲ့တာပါ။ ဒါက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သလို သဘောတူညီမှုတွေမှတဆင့် ဆင်းသက်လာတယ်ဆိုတာကို  သိပါတယ်။

ဂိုးပေါက်နဲ့ ဘယ်လောက်အထိ လွဲချော်သွားခဲ့သလဲဆိုတာ ခင်ဗျားတို့ သိကြပါသလား? အခြားပွဲစဉ်တွေကိုလည်း လိုက်ကြည့်ကြပါ။ သာမန်အားဖြင့် ဘောလုံးဆိုတာ ကန်သွင်းလိုက်ချိန်တိုင်းမှာ အတွင်းဆီပဲ ဝင်သွားလေ့ရှိပါတယ်”လို့ ပြောပါတယ်။ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ Nike အမျိုးအစားဘောလုံးတွေကို အသုံးပြုပြီး ယူအီးအက်ဖ်အေရဲ့ ဥရောပအဆင့်ပွဲစဉ်တွေမှာတော့ Adidas အမျိုးအစားဘောလုံးတွေနဲ့ ယှဉ်ပြိုင်ကစားကြပါတယ်။ ကာရာဘောင်းဖလားပြိုင်ပွဲမှာတော့ Puma တံဆိပ်ဘောလုံးတွေကို သုံးစွဲပါတယ်။

ပက်ဂွါဒီယိုလာရဲ့အခုလိုပြောဆိုမှုအပေါ် အက်ဖ်အေရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ အက်ဖ်အေဖလားပြိုင်ပွဲနဲ့ အက်ဖ်အေကြီးမှူးကျင်းပတဲ့ပြိုင်ပွဲတွေမှာ အသုံးပြုနေတဲ့ Mitre အမှတ်တံဆိပ် Ultimax Pro ဘောလုံးကို ဖီဖာရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စစ်ဆေးစမ်းသပ်ခဲ့ပြီးပါပြီ။

ပရော်ဖက်ရှင်နယ်ပွဲစဉ်တွေမှာ အသုံးပြုနေတဲ့ ဘောလုံးအားလုံးက ဖီဖာရဲ့အရည်အသွေးပိုင်းဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်နဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒီဘောလုံးအမျိုးအစားက စမ်းသပ်မှုနဲ့ပတ်သက်တဲ့ လိုအပ်ချက်အားလုံးနဲ့ လိုက်လျောညီထွေမှုရှိပါတယ်။

Mitre ဘောလုံးအမျိုးအစားနဲ့ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအမြင်တွေအရ အပြောင်းအလဲလုပ်ချင်ကြတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ကျွန်တော်တို့က ဒီဘောလုံးအမျိုးအစားဟာ ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ပေးနေတယ်လို့ ယုံကြည်ထားပါတယ်။ အခုအချိန်အထိ ရှုံးထွက်ပြိုင်ပွဲတွေမှာ ဂိုး ၃၅၀ ကျော်အထိ သွင်းယူခဲ့မှုနဲ့အတူ အခုလိုယှဉ်ပြိုင်နေရတဲ့ပြိုင်ပွဲတွေအတွက် ဒီဘောလုံးအမျိုးအစားက စိတ်လှုပ်ရှားစရာအစိတ်အပိုင်းတစ်ခု ပေးစွမ်းနိုင်ပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးက စနေနေ့၊ အက်ဖ်အေဖလားပွဲစဉ်အတွင်း ဂိုးပေါက်ကန်သွင်းမှု ၂၉ ကြိမ်အထိ ပြုလုပ်ပြီး ကိုးကြိမ် ဂိုးပေါက်တည့်ကာ သုံးဂိုးရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်၊ နယူးကာဆယ်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းက ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်အထိပြုလုပ်ကာ ခုနစ်ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။ကလပ်အသင်းတွေကတော့ ဖလားပွဲစဉ်တွေမတိုင်ခင် သက်ဆိုင်ရာဘောလုံးအမျိုးအစားတွေနဲ့အတူ လေ့ကျင့်ပြင်ဆင်ကြပါတယ်။

အခုသီတင်းပတ်ကုန်အက်ဖ်အေဖလားပွဲစဉ်တွေမှာ အက်စတွန်ဗီလာ၊ ခရစ္စတယ်ပဲလေ့စ်၊ နယူးကာဆယ်၊ ဘုန်းမောက်၊ ဝုဗ်တို့လို ပရီးမီးယားလိဂ်ကလပ်အသင်းတွေက အနီးစပ်ဆုံးလိဂ်ပွဲစဉ်တွေထက် ဂိုးပေါက်တည့်ကန်ချက်ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပါတယ်။