The network connection is lost.

Banner Image

စပိန်အသင်းရဲ့စိန်ခေါ်မှုကို မထိတ်လန့်မိဘူးလို့ ဆိုလိုက်တဲ့ ဂရစ်ဇ်မန်း

ယူရို-၂၀၂၄ ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတွက် အန်တိုနီယိုဂရစ်ဇ်မန်း အဆင်သင့်ဖြစ်နေပါပြီ။ အခုနွေရာသီ ဥရောပဘောလုံးပွဲတော်ကြီးမှာ အကောင်းဆုံးခြေစွမ်း ထုတ်မပြနိုင်သေးတဲ့ ဂရစ်ဇ်မန်းရဲ့ပြင်သစ်အသင်းက နောက်ဆုံးလေးသင်း အဆင့်ဆီတော့ ဝင်ရောက်လာခဲ့ပါပြီ။

အုပ်စုအဆင့်မှာ သွင်းဂိုးနှစ်ဂိုးပဲ ရရှိခဲ့တဲ့ ပြင်သစ်အသင်းက အုပ်စု(D)ရဲ့ ဒုတိယနေရာရရှိပြီး ခက်ခဲကြမ်းတမ်းမယ့် ရှုံးထွက်အဆင့်လမ်းကြောင်းဆီ ဝင်ရောက်လာခဲ့ပါတယ်။ သူတို့တွေက နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယံကို O.G ဖြင့် အနိုင်ယူခဲ့ပြီး ပေါ်တူဂီကိုလည်း ကွာတားဖိုင်နယ်အဆင့်မှာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း စပိန်အသင်းရဲ့ အထင်ကြီးလောက်စရာခြေစွမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြင်သစ်တို့ အတော်လေးရုန်းကန်ရနိုင်တယ်ဆိုပေမယ့် ဂရစ်ဇ်မန်းကတော့ မြူးနစ်မြို့ထိပ်တိုက်ရင်ဆိုင်မှုမှာ သူတို့အသင်းပိုင်ဆိုင်ထားတဲ့ အဆင့်အတန်းနဲ့ အတွေ့အကြုံတွေဟာ ပြိုင်ဘက်အပေါ် အသာစီးရယူနိုင်မယ့် အချက်တွေဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ စပိန်က ခမ်းနားကြီးကျယ်တဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ပြိုင်ဘက်ကိုမှ ထိတ်လန့်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသလို ဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက်လည်း အရာရာတိုင်းကို ပေးဆပ်ယှဉ်ပြိုင်သွားပါမယ်။ ဗိုလ်လုပွဲရောက်ဖို့ ဒီတစ်ပွဲပဲ ကျော်ဖြတ်ရပါတော့မယ်။ ဘယ်ပြိုင်ပွဲမှာမဆို ထိပ်ဆုံးလေးသင်း စာရင်းမှာ ရှိနေရတာ သာမန်ထက်ထူးကဲလွန်းပါတယ်။ ကျွန်တော်တို့မှာ အခုလိုပြင်သစ်အသင်းရှိနေလို့ ပျော်ရွှင်နေရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက ပြိုင်ပွဲမှာ အနိုင်ရသွားနိုင်လို့ပါပဲ”လို့ ဂရစ်ဇ်မန်းက ပြောပါတယ်။

စပိန်နဲ့ပြင်သစ်တို့က ၂၀၁၂ ခုနှစ်နောက်ပိုင်း၊ ယူရိုပြိုင်ပွဲမှာ ပြန်လည်ဆုံတွေ့ထားခြင်း မရှိပါဘူး။ အဲ့ဒီအချိန်တုန်းက စပိန်အသင်းက သူတို့ရဲ့ ၂၀၀၈ ယူရိုချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းကို အနိုင်ယူခဲ့ပါတယ်။