ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့မှုအတွက် အက်သလက်တီကိုပရိသတ်တွေကို လူသိရှင်ကြားတောင်းပန်လိုက်တဲ့ ဂရစ်ဇ်မန်း
အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ဂရစ်ဇ်မန်းက တနင်္ဂနွေနေ့မှာ ကလပ်အသင်းပရိသတ်တွေဆီ စိတ်ရင်းအမှန်ဖြင့် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။
အခုလိုတောင်းပန်မှုက လာလီဂါပြိုင်ဘက်ဘာစီလိုနာဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် ပရိသတ်တွေရဲ့ ခွင့်လွှတ်မှုရရှိဖို့ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ နွေရာသီကာလအတွင်း တိုက်စစ်မှူးဂရစ်ဇ်မန်းက စပိန်နိုင်ငံမြို့တော်မက်ဒရစ်မှ ကတ္တလန်ဒေသဆီ ပြောင်းရွှေ့ကြေးအလုံးအရင်းဖြင့် ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအပြောင်းအရွှေ့က သက်ဆိုင်သူအားလုံးအတွက် အောင်မြင်မှုမရရှိတဲ့အရာတစ်ခုလို့ ပြောနိုင်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးက ပတ်ဝန်းကျင်သစ်နဲ့ ဘာစီလိုနာရဲ့တိုက်စစ်ကစားဟန်မှာ အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒါကြောင့်ပဲ သူက အက်သလက်တီကိုမက်ဒရစ်ဆီ ကနဦး အငှား၊ ၂၀၂၂ ခုနှစ်မှာ အမြဲတမ်းစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ သူချစ်မြတ်နိုးရတဲ့ အက်သလက်တီကိုမက်ဒရစ်ကစားသမားဘ၀ နောက်ဆုံးအိမ်ကွင်းပွဲစဉ် ကစားပြီးနောက် ဂရစ်ဇ်မန်းက ပရိသတ်တွေဆီ တောင်းပန်စကားပြောကြားနိုင်မယ့် အခွင့်အရေးကို အရယူခဲ့ပါတယ်။
မက်ထရိုပိုလီတာနိုကွင်းအတွင်း ဂျီရိုနာကို ၁-၀ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်အပြီး အသက်-၃၅ နှစ်အရွယ်တိုက်စစ်မှူးက အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
"အခုတော့ ကျွန်တော့်အတွက် အရာရာတိုင်း ခက်ခဲနေပါတယ်။ ပထမဆုံးအဖြစ် ကွင်းထဲမှာ ဆက်ရှိနေပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါ တကယ်ကို မယုံနိုင်စရာပါပဲ။ ဒုတိယအချက်အဖြစ် ကျွန်တော့်အတွက် အရမ်းအရေးကြီးတာတစ်ခုကတော့ ခင်ဗျားတို့ထဲမှာ အများစုက ကျွန်တော့်ကို ခွင့်လွှတ်ပေးပြီးသားမှန်း သိပေမဲ့ တချို့လည်း ခွင့်လွှတ်ပေးချင်မှ ခွင့်လွှတ်ပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် နောက်တစ်ကြိမ် ထပ်ပြီးတောင်းပန်ချင်ပါတယ်။ ကျွန်တော့်အပေါ်ထားတဲ့ အချစ်တွေကို ကျွန်တော် အဲ့ဒီအချိန်မှာ သတိမထားမိခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော် အရမ်းငယ်ပါသေးတယ်။ ကျွန်တော် အမှားလုပ်ခဲ့တယ်၊ အဲဒီအပေါ်မှာလည်း ပြန်စဉ်းစားခဲ့ပါတယ်၊ ပြီးတော့ ဒီကိုပြန်လာပြီး ဒီခံစားချက်တွေကို ပြန်လည်ခံစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" လို့ ဂရစ်ဇ်မန်းက ဆိုပါတယ်။