The network connection is lost.

Banner Image

ဥရောပစူပါဖလားဖိုင်နယ်အတွက် ပီအက်စ်ဂျီအသင်းလူစာရင်းမှာ မပါဝင်လာတဲ့ ဒွန်နာရမ်မာ

အခုသီတင်းပတ်အတွင်း တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အတွက် ပွဲနေ့လူစာရင်းမှာ မပါဝင်လာခဲ့တဲ့ ဒွန်နာရမ်မာက ဥရောပချန်ပီယံပီအက်စ်ဂျီမှထွက်ခွာဖို့ သေချာသွားခဲ့ပါပြီ။ အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းလာမှုကို ပယ်ချခဲ့တဲ့ ဒွန်နာရမ်မာက ပီအက်စ်ဂျီမှထွက်ခွာကာ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ခြေချဖွယ် ရှိနေပါတယ်။

ပြင်သစ်အခြေစိုက် L’Equipe သတင်းဌာနရဲ့အဆိုအရ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားပွဲစဉ်အတွက် လူးဝစ်အင်းနရစ်ရဲ့ပွဲနေ့လူစာရင်းမှာ ဒွန်နာရမ်မာ မပါဝင်လာဘူးလို့ သိရပါတယ်။ အီတာလျံဂိုးသမားက ကလပ်အသင်းရဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအဖွင့်ပွဲစဉ်အတွက် ကျန်အသင်းဖော်တွေနဲ့အတူ အူဒီးနိစ်မြို့ဆီ ခရီးမထွက်လာခဲ့ပါဘူး။

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုကလည်း ဒွန်နာရမ်မာကို အသင်းမှချန်လှပ်ထားခြင်းအပေါ် အခုနွေရာသီ (သို့မဟုတ်) လာမယ့်ရာသီမှာ လီဂူးဝမ်းဘီလူးကြီးဆီမှ အီတာလျံဂိုးသမားထွက်ခွာတော့မယ့် ထင်ရှားတဲ့လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကလပ်အသင်းနဲ့ ကစားသမားအကြား ဆက်ဆံရေးကလည်း စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိခဲ့ပြီးနောက် ပြိုကွဲသွားခဲ့ပါတယ်။

ဒီနေရာမှာ ဒွန်နာရမ်မာရဲ့အနာဂတ်နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ရိုမာနိုက ဒွန်နာရမ်မာကို အင်္ဂလန်ရပ်ဝန်းမှာ မြင်တွေ့ရနိုင်တယ်လို့ ရှင်းပြပါတယ်။ တဖက်မှာလည်း မန်ချက်စတာယူနိုက်တက်က အိုနာနာရဲ့နေရာအစားထိုးနိုင်ဖို့ အီတာလျံဂိုးသမားကို အပြင်းအထန်စိတ်ဝင်စားနေပါတယ်။

ကြေကွဲဖွယ် အမေရိကန်မြေ ကလပ်ကမ္ဘာ့ဖလားခရီးစဉ်အပြီး လူးဝစ်အင်းနရစ်ရဲ့အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်ဥရောပအဆင့်ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ဖို့အတွက် မျှော်လင့်နေပါလိမ့်မယ်။