
အာဆင်နယ်ရရှိခဲ့တဲ့ အဖွင့်ဂိုးအတွက် တော့တင်ဟမ်အသင်းရဲ့ အမှားတွေကိုထောက်ပြလိုက်တဲ့ ဂယ်ရီနဗီးလ်
တနင်္ဂနွေနေ့က မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းရရှိခဲ့တဲ့ ပထမဆုံးဂိုးဟာ တော့တင်ဟမ်ကစားသမား သုံးဦးက သူတို့ရဲ့အခန်းကဏ္ဍအတွက် တာဝန်မကျေခဲ့၍ ခွင့်ပြုခဲ့ရကြောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။
ပွဲချိန် ၂၆ မိနစ်မှာ အာဆင်နယ်အသင်းက အမ်းမရိတ်မှာ ထိုက်တန်စွာ ဦးဆောင်နိုင်ခဲ့ပြီး ဆာကာရဲ့ ကန်ချက်ကို တော့တင်ဟမ်နောက်ခံလူ ရိုမီယို ကာကွယ်ရင်း ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ရိုမီယိုသည် ဆာကာ၏ ကန်ချက်ကို ရှင်းထုတ်ရန်ကြိုးစားရင်း ဘောလုံးလမ်းကြောင်း လွဲချော်သွားခဲ့သော်လည်း အဆိုပါ အကွာအဝေးမှာ တော့တင်ဟမ်ဂိုးသမား ဗီကာရီယို ကာကွယ်နိုင်သင့်သည့် အနေအထားဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။
ဂယ်ရီနဗီးလ်က “ကံမကောင်းစွာနဲ့ ဂိုးပေးလိုက်ရတာလို့ ပြောသင့်ပေမယ့် အဲဒါက ရိုမဲရိုးရဲ့ ရူးမိုက်မှုလို့ ကျွန်တော်ထင်ပါတယ်။ ဆာကာရဲ့ ကန်ချက်ကို သူခြေထောက်ကိုပင့်ပြီးကာတယ်။ အဲ့ဒီလို အမြင့်နဲ့လာတဲ့ကန်ချက်ကို အဲ့လိုကာဖို့ အဆင်မပြေခဲ့ပေမယ့် ဗီကာရီယိုကလည်း မကာကွယ်နိုင်ခဲ့ပါဘူး။ ရိုမဲရိုးက ဆာကာရဲ့ကန်ချက်ဟာ အဝေးထောင့်ကို သွားနေတာ သိသင့်တယ်။ ဒါပေမယ့် သူမလုပ်နိုင်ခဲ့ပဲ အဆင်ပြေသလိုကာလိုက်တာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။
ဂယ်ရီနဗီးလ်ဟာ ထိုနေရာတွင် မပြီးသေးဘဲ အူဒိုဂီနှင့် ဘရန်နန်ဂျွန်ဆင်တို့ကိုလည်း ဆာကာထံသို့ ဘောလုံးပိုင်ဆိုင်မှု များစွာ ခွင့်ပြုပေးခဲ့သည့်အတွက် အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ ၎င်းက "ဘယ်နောက်ခံလူ အူဒိုဂီနဲ့ ဘယ်တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆင်တို့ကြားမှာ ဆက်သွယ်မှုမရှိပါဘူး။ ဆာကာရဲ့ကန်ချက်ကို ကာကွယ်ဖို့ အချိန်တွေ အများကြီး ကျန်နေခဲ့ပါတယ် ။ ဒါကတကယ်ရိုးရှင်းပါတယ် အူဒိုဂီက ဘန်ဝှိုက်နဲ့ အတူရှိနေတယ်ဆိုရင် ဘရန်နန်ဂျွန်ဆင်က ဆာကာကို လာထိန်းသင့်ပါတယ်။ ကျွန်တော်တို့ ဘရန်နန်ဂျွန်ဆင် အနောက်ပြန်မဆင်းတဲ့ အကြောင်းပြောခဲ့ပါတယ်။ သူရော အူဒိုဂီရော အရှေ့သွားရင် ဆာကာကို တစ်ယောက်တည်းထားခဲ့လိုက်ကြတယ်။ တော့တင်ဟမ်အသင်းနောက်တန်းအတွက် နည်းနည်းလွန်သွားပါပြီ။ တော့တင်ဟမ်အသင်းနည်းပြဟာ သူတို့ရဲ့ နောက်ခံလူတွေကို ဖိအားတွေ ပေးနိုင်ဖို့အတွက် ကွင်းထဲက ထွက်လာဖို့ လိုပါတယ်။ ပိုစတီကိုဂလူကလည်း အူဒိုဂီနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုချရမှာပါ။ သူတို့ဟာ ကြီးမားတဲ့ ဖိအားအောက်မှာရှိနေပါပြီ"လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။