The network connection is lost.

Banner Image

အထင်ကြီးလောက်စရာ ရာသီသစ်စတင်မှုအပြီး တစ်ပွဲချင်းစီသာ အာရုံစိုက်သွားမယ်လို့ လိဒ်နောက်ခံလူဘိုဂလီ ပြောကြား

လိဒ်ယူနိုက်တက်နောက်ခံလူဘိုဂလီက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းရဲ့စတင်မှု ကောင်းမွန်နေပေမဲ့လည်း စိတ်လှုပ်ရှားသာယာနေမှုတော့ မရှိပါဘူး။

အနောက်ယော့ခ်ရှိုင်းယားဒေသခံကလပ်အသင်းက အခုရာသီ၊ ပရီးမီးယားလိဂ်အဖွင့် လေးပွဲကစားပြီးချိန် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိ မှတ်တမ်းနဲ့အတူ အမှတ်ပေးဇယားတတိယနေရာအထိ တက်လှမ်းလာပါတယ်။

တနင်္လာနေ့မနက်ပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း လိဒ်က နယူးကာဆယ်ကို မိုင်လီရဲ့ O.G အပြင် ဘိုဂလီ၊ ကဲလ်ဗတ်လီဝင်၊ အိုကာဖော်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၄-၁ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
 
အခုလိုရာသီသစ်စတင်မှု ကောင်းမွန်နေပေမဲ့လည်း အသက် ၂၆ နှစ်အရွယ် ဘိုဂလီကတော့ စိတ်ကြီးဝင်မှုမရှိဘဲ သူနဲ့ သူ့ရဲ့အသင်းဖော်တွေ တစ်ရက်ချင်းစီအလိုက် အာရုံစိုက်ဖြတ်သန်းသွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
 
ဘိုဂလီက "ဒါက ကစားသမားတွေအချင်းချင်း အလုပ်အတူတကွ လုပ်ဆောင်ကာ နားလည်မှုရှိရှိ ကစားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ကဲလ်ဗတ်လီဝင်ကို အရာရာတိုင်းအတွက် ကြိုးစားယှဉ်ပြိုင်ကစားပေးဖို့ တိုက်စစ်မြှားဦးမှာ နေရာပေးခဲ့ပြီး သူ့ဘေးနားနဲ့ နောက်နားမှာ ကစားသမားတွေ အတူရှိနေတယ်ဆိုတာ ကျွန်တော်တို့အတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒီညမှာတော့ ဒီပုံစံက အကောင်းဆုံးအကျိုးပြုခဲ့ပါတယ်" လို့ ပြောပါတယ်။
 
"ကျွန်တော်တို့ ကစားသမားတွေ နေရာယူပုံအလှည့်အပြောင်းကို လေ့ကျင့်ခဲ့ကြပါတယ်။ ဂဂျိမ်းစ်ဂျပ်စတင်က တစ်ခါတရံမှာ တိုက်စစ်လိုက်ပြီး တောင်ပံထွက်ကစားပေးလို့ ကျွန်တော် ဝင်ပြေးဖို့ နေရာလွတ်တွေ ရရှိခဲ့ပါတယ်။ ကဲလ်ဗတ်လီဝင်ကလည်း ပြိုင်ဘက်ဗဟိုနောက်ခံလူတွေကို ထိန်းချုပ်ပေးထားခဲ့ပါတယ်"
 
"ဒါက ဘောလုံးရောက်လာနိုင်တဲ့ နေရာလွတ်ဆီ ပြေးဝင်နိုင်ဖို့ပါပဲ။ နေရာလွတ်ရအောင် လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ခဲ့တဲ့ မတူညီတဲ့ ကစားကွက်ပုံစံတွေနဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ကြိုးစားအသုံးချခဲ့ကြပါတယ်"
 
"ဒီနေ့ပွဲကို အကောင်းဆုံး စတင်ချင်ခဲ့ပြီး ပရိသတ်တွေကိုလည်း စိတ်လှုပ်ရှားတက်ကြွလာစေချင်ခဲ့ပါတယ်။ အစပိုင်းမှာ ဒါကို လုပ်ဆောင်နိုင်ခဲ့သလို ဒါကို ဆက်လက်ထိန်းသိမ်းပြီး စွမ်းအင်တွေကို အမြင့်ဆုံးအဆင့်မှာ ထားရှိဖို့ပဲ ဖြစ်ပါတယ်"
 
"ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး ပြေးလွှားမှုတွေလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ရလို့ ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းမှာလည်း ပင်ပန်းခဲ့ပါတယ်။ နယူးကာဆယ်ဆိုတာ ထိပ်တန်းအသင်းတစ်ခုဖြစ်လို့ အချိန်မရွေး ကိုယ့်ကို ဒုက္ခပြန်ပေးနိုင်ပါတယ်" လို့ ဆက်ပြောပါတယ်။
 
လိဒ်ရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး ဘိုဂလီက "လက်ရှိမှာတော့ ကျွန်တော်တို့တွေ တစ်ပွဲချင်းစီ အာရုံစိုက်သွားဖို့ ရှိနေပြီး ရလဒ်တွေအပေါ် မသာယာပါဘူး။ လူတိုင်းမှာ ကိုယ်စီရည်မှန်ချက်တွေ ရှိကြပေမဲ့ အသင်းလိုက်စုစုစည်းစည်းနဲ့ နောက်ပွဲစဉ်ဆီ အာရုံစိုက်သွားရပါမယ်" လို့ ဆိုပါတယ်။