
ဂျီးဆပ်စ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဖလာမင်ဂို
အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာပဲ မမျှော်လင့်ဘဲ ဇာတိ ဘရာဇီးမြေကို ပြန်လည်ခြေချဖို့ အလားအလာတွေ ပေါ်ထွက်လာနေပါတယ်။
ဘရာဇီးထိပ်တန်းကလပ် ဖလာမင်ဂိုအသင်းဟာ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူး ဂျီးဆပ်စ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှု အလေးအနက် ပြသနေတယ်လို့ သတင်းများက ဖော်ပြပါတယ်။
ဇန်နဝါရီလကတည်းက ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျီးဆပ်စ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဖလာမန်ဂိုက အားထုတ်နေခြင်းဖြစ်ပါတယ်။ RTI Esporte သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖလာမင်ဂိုဟာ ဂျီးဆပ်စ်နဲ့ ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အငှားပြောင်းရွှေ့မှု ဖြစ်နိုင်ခြေကို အသေးစိတ် လေ့လာစူးစမ်းနေတာ ဖြစ်ပါတယ်။
ဖလာမင်ဂိုအသင်းက ဂျီးဆပ်စ်ရဲ့ လုပ်ခလစာ ၅၀% ကို အငှားကာလအတွင်း ပေးချေဖို့ ကမ်းလှမ်းထားပြီး ကျန် ၅၀% ကိုတော့ အာဆင်နယ်က ဆက်လက်ပေးချေရမှာ ဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ ဂျီးဆပ်စ်ကိုယ်တိုင်က ဘရာဇီးလ်ကို ပြန်ဖို့ မီးစိမ်း ပြထားပြီဖြစ်တာကြောင့် သူရဲ့ဆန္ဒက အငှားပြောင်းရွှေ့ဖို့ဘက်ကို ပိုအားသာနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းမှာ တိုက်စစ်ပိုင်း အားဖြည့်မှုတွေ ရှိလာတာကလည်း ဂျီးဆပ်စ်ရဲ့ အနာဂတ်အတွက် စဉ်းစားစရာ ဖြစ်လာစေပါတယ်။
ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ တိုက်စစ်မှူး ဗစ်တာယောကရက်စ် ရောက်ရှိလာခြင်းက ဂျီးဆပ်စ်ရဲ့ ပွဲထွက်ခွင့်ရရှိနိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဒါက ၂၀၂၆ ကမ္ဘာ့ဖလားကို ပုံမှန်ခြေစွမ်းနဲ့ ရောက်ရှိဖို့ ရည်ရွယ်ထားတဲ့ ဂျေးဆပ်စ်အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ပွဲကစားချိန်ပုံမှန်ရရှိပြီး ခြေစွမ်းပြသနိုင်မှသာ လက်ရွေးစင်အသင်းမှာ နေရာတစ်ခုကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။