
ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့ လီဗာပူး
ဂျာမန်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်ဟာ လီဗာပူးအသင်းကို ယူရိုသန်း ၁၅၀ (ပေါင် ၁၂၆ သန်း) နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။ ဂျာမနီသတင်းရင်းမြစ်တွေအရ ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့အတွက် လီဗာပူးအသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ဆန္ဒရှိကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားခဲ့ပြီး လစာအပါအဝင် ယူရိုသန်း ၂၅၀ (ပေါင်သန်း ၂၁၀) အထိရှိတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ သတင်းတွေရဲ့အဆိုအရ ဖလော်ရီယန်ဝစ်ဇ်ဟာ ဘွန်ဒက်လီဂါချန်ပီယံအသင်းကို သူလာရောက်မှာမဟုတ်ဘူးလို့ ကိုယ်တိုင်အကြောင်းကြားခဲ့သလို မန်စီးတီးအသင်းကလည်း ကစားသမားကို စိတ်ဝင်စားမှုလျော့ကျသွားခဲ့ကြောင်း သိရပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝစ်ဇ်ဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အင်္ဂလန်မြောက်ပိုင်းမှာ နေအိမ်ရှာဖွေနေပြီဖြစ်ပါတယ်။ ကိုလုံး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိခဲ့ပြီး အန်းစလော့ရဲ့အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပုံရပါတယ်။
ဝစ်ဇ်ဟာ ၂၀၂၄-၂၅ ရာသီမှာ ခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၁၆ ဂိုးသွင်းယူကာ ၁၅ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဘွန်ဒက်လီဂါမှာ ၃၁ ပွဲကစားရာမှာ ၁၀ ဂိုးသွင်းယူပြီး ၁၂ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့သလို ချန်ပီယံလိဂ် ၉ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ၁ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဝစ်ဇ်အနေနဲ့ လီဗာပူးအသင်းကို ပြောင်းရွှေ့ချင်နေပေမဲ့ လေဗာကူဆင်အသင်းနဲ့ သဘောတူညီမှုရရှိဖို့ လိုအပ်နေပါသေးတယ်။ ဘွန်ဒက်စ်လီဂါကလပ်က ယူရိုသန်း ၁၅၀ (ပေါင်သန်း ၁၂၆ သန်း) ဝန်းကျင်ရမှ သာ ထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။