
အင်တာမီလန်အတွက် ပြိုင်ပွဲစုံစစ်မျက်နှာဖွင့်လှစ်ထားမှုက ပြဿနာမဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ အင်ဇာဂီ
အင်တာမီလန်အနေဖြင့် ကျပ်တည်းလှတဲ့ပွဲစဉ်ဇယားရေးဆွဲမှုတစ်ခုမှ ထွက်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ကြိုဆိုရမှာဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်မှာ အောင်မြင်မှုရရှိနေခြင်းအတွက် ဂုဏ်ယူသွားရမယ်လို့ နည်းပြဆီမြွန်နီအင်ဇာဂီက ဖီယင်နုနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ပထမအကျော့မှာ ဖီယင်နုကို ဝ-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူတွေက အမှတ်ပေးဇယားတတိယနေရာရှိ အတ္တလန္တာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဒီည၊ အိမ်ကွင်းမှာ ဒတ်ချ်ကလပ်ကို ဒုတိယအကျော့ပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။သူတို့တွေက ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ဆီ ရောက်ရှိနေပြီး လာမယ့်လအတွင်း မြို့ခံပြိုင်ဘက်အေစီမီလန်နဲ့ ရင်ဆိုင်သွားရပါမယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အင်ဇာဂီက “ပွဲစဉ်ဇယားက ပြဿနာတစ်ခုမဟုတ်ဘဲ မက်လုံးတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်တွေနဲ့ပတ်သက်ပြီး ခွန်အားတွေရှာဖွေကာ ဂုဏ်ယူမိစေဖို့ လိုအပ်ပါတယ်။ အခုအခိုက်အတန့်မှာ ကျွန်တော်တို့အတွက် ကစားသမားအချို့ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။ ဒါက အလှည့်ကျပွဲကစားခွင့်ပေးဖို့အတွက် အကန့်အသတ်ဖြစ်စေပါတယ်။ ကျွန်တော်တို့ပွဲတွေ အများကြီးကစားခဲ့ရပါတယ်။ ဒီနှစ်မှာဆိုရင်လည်း ဇန်နဝါရီလကုန်မှသာပြီးဆုံးတဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေကို ကစားခဲ့ရပြီး ရှုံးထွက်တက်ရောက်နိုင်ရေးအတွက် အတော်လေးရှည်လျားတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါက အချက်အလက်တစ်ခုဆိုပေမယ့် ကျွန်တော်တို့လုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူတတ်ဖို့ လိုပါတယ်။ ပြီးရင် အခုအတိုင်း ဆက်လုပ်သွားရပါမယ်။ အလုပ်တွေ အရမ်းများတယ်ဆိုပေမယ့် ဂုဏ်ယူစရာပါပဲ”လို့ ပြောပါတယ်။
လတ်တလောမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အင်တာမီလန်က ကွင်းလယ်လူဇီလင်စကီးမှာ ညာခြေကြွက်သားဒဏ်ရာရှိနေတယ်လို့ တနင်္လာနေ့အစောပိုင်းမှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် ဇီလင်းစကီးက နှစ်လထက်မနည်း အနားယူရဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ဆက်လက်ပြီး အီတလီအခြေစိုက်သတင်းဌာနတွေကပဲ အတ္တလန္တာနဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဖီယင်နုနဲ့ရင်ဆိုင်ရချိန်မှာ အင်တာမီလန်ထိပ်တန်းဂိုးသွင်းရှင်လော်တာရိုမာတီနက်ဇ်နဲ့ နောက်ခံလူဒီဗရစ်တို့ အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပြန်ပါတယ်။
အင်ဇာဂီက “ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေအပေါ်မူတည်ပြီး အလှည့်ကျအသုံးပြုသွားရပါမယ်။ ကျွန်တော်တို့မှာ ပင်ပန်းနွမ်းလျနေတဲ့ကစားသမားအချို့ ရှိပါတယ်။ လော်တာရိုမာတီနက်ဇ်နဲ့ ဒီဗရစ်တို့က ဒီနေ့၊ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ပေမယ့် သူတို့နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ခံစားချက် ကောင်းမွန်နေပါတယ်။
သူတို့နှစ်ဦးကို ကစားချိန်ပေးမလား၊ မပေးဘူးလားဆိုတာကို ကျွန်တော်ကိုယ်တိုင်ပဲ အကဲဖြတ်သွားရပါမယ်။ ပုံမှန်ပွဲမကစားနိုင်တဲ့သူဆီကိုတော့ မလိုလားအပ်ဆုံးအချိန်မှာ ဒဏ်ရာပြဿနာကြီးကြီးမားမားရရှိခဲ့တဲ့ ဇီလင်းစကီးက လာရောက်ပူးပေါင်းပါလိမ့်မယ်။ သူက ခြေစွမ်းတော်တော်တိုးတက်လာပြီး ကျွန်တော်တို့ကို အကူအညီတွေ ပေးခဲ့ပါတယ်။ အခြားသူတွေလိုပဲ သူ့ကိုလည်း စောင့်ဆိုင်းပေးရပါမယ်”လို့ ပြောပါတယ်။
ဒါပေမယ့် အင်တာမီလန်အတွက် ဦးစားပေးဂိုးသမားယန်းဆွန်းမားကတော့ ပြန်ကစားပေးနိုင်ပါတော့မယ်။ အင်ဇာဂီကလည်း ဆွစ်ဇာလန်လက်ရွေးစင်ဂိုးသမားဟောင်းအနေဖြင့် လက်မအရိုးကျိုးဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ဖီယင်နုနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားလိမ့်မယ်လို့ အတည်ပြုပါတယ်။ အင်ဇာဂီက “ သူက ကျွန်တော်တို့နဲ့အတူ ဒီကလပ်အသင်းမှာ တစ်နှစ်ခွဲလောက် အတူရှိခဲ့ဖူးတဲ့ ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီကာလတွေမှာ သူက အကောင်းဆုံးအရာတွေကို လုပ်ဆောင်ပြခဲ့ပါတယ်”လို့ ပြောပါတယ်။