The network connection is lost.

Banner Image

တာစတီဂန် ဦးဆောင်မှုနဲ့ ချဲလ်ဆီးရဲ့ကမ်းလှမ်းမှု ကို ပယ်ချဖို့ ဘာစီလိုနာ ကစားသမားတွေက ဖိအားပေးခဲ့ကြောင်း ပြောကြားလိုက်တဲ့ ဖာမင်လိုပက်ဇ်

ချဲလ်ဆီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဖာမင် လိုပက်ဇ်က အင်္ဂလိပ်ကလပ်ကြီးရဲ့ကမ်းလှမ်းမှု ကို ဘယ်ဘာစီလိုနာအသင်းဖော်တွေက ပယ်ချဖို့ လွှမ်းမိုးခဲ့တယ်ဆိုတာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်ဟာ အသင်းဖော်တွေရဲ့ လွှမ်းမိုးမှုကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ကပ္ပတိန် မာ့ခ်-အန်ဒရီ တာစတီဂန်က ချဲလ်ဆီးရဲ့ကမ်းလှမ်းမှု ကို ပယ်ချပြီး ဘာစီလိုနာမှာ ဆက်နေဖို့ ပိုပြီးစည်းရုံးခဲ့သူဖြစ်တယ်လို့လည်း သူက ထပ်ပြောပါတယ်။ ဖာမင်ဟာ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဘာစီလိုနာမှာ ဆက်နေပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခါနီးအချိန်မှာ ချဲလ်ဆီးအသင်းက ဖာမင်ကို ခေါ်ယူဖို့ ယူရို သန်း ၄၀ (ပေါင် ၃၄ သန်း) နဲ့ အပိုဆုကြေးတွေပါဝင်တဲ့ ကမ်းလှမ်းမှုတစ်ခုကို တရားဝင် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကတော့ အဆိုပါ ကမ်းလှမ်းမှု ကို စိတ်ကျေနပ်မှု မရှိဘဲ ယူရို သန်း ၉၀ (ပေါင် ၇၈ သန်း) အထိ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ အသက် ၂၂ နှစ်အရွယ် ကစားသမားကသာ အတင်းအကျပ် ထွက်ခွာဖို့ ဖိအားပေးခဲ့ရင် ဘာစီလိုနာက ရောင်းချဖို့ စဉ်းစားခဲ့မှာပါ။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ ငယ်ဘဝအသင်းကို စွန့်ခွာဖို့ လုံးဝ စိတ်ကူးမရှိခဲ့ဘူးလို့ ပြောပါတယ်။

Mundo Deportivo နဲ့ အင်တာဗျူးတစ်ခုမှာ ဖာမင်ရဲ့အသင်းဖော်တွေက သူ့ကို ထွက်မသွားဖို့ တောင်းဆိုခဲ့လားဆိုတဲ့ မေးခွန်းကို သူက ‘သူတို့ထဲက တချို့နဲ့ စကားပြောခဲ့ပါတယ်။ ဒါပေမဲ့ အသင်းတစ်ခုလုံးက ဒီတစ်ပတ်မှာ အလွန်အမင်း အားပေးခဲ့ကြပြီး၊ လူတိုင်းက ကျွန်တော့်ကို ဆက်နေစေချင်ခဲ့ကြပါတယ်။အသင်းဖော်တွေရဲ့ အကူအညီအတွက် ကျေးဇူးတင်မိပါတယ်’ လို့ ပြောပါတယ်။

ဝါရင့်ကစားသမားတွေနဲ့ တစ်ဦးချင်း စကားပြောဆိုခဲ့လားလို့ မေးတဲ့အခါ ‘တော်တော်လေးကို စကားပြောခဲ့ပါတယ်။ တာစတီဂန်ကို ဥပမာပေးပြီး ပြောပြနိုင်ပါတယ်။ သူ့အပြင် ရော်နယ်လ် အာရူဟို၊ ပက်ဒရီတို့နဲ့လည်း စကားပြောခဲ့ပါတယ်။ တကယ်တော့ တော်တော်များများနဲ့ စကားပြောခဲ့ပါသေးတယ်။ ရာဖင်ညာလည်း ပါပါတယ်’ လို့ သူက ထပ်ပြောပါတယ်။

ဒီရာသီမှာ ဖာမင်ဟာ ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်ရနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ လူငယ်ကစားသမားဟာ ဒန်နီ အော်လ်မို၊ ရာဖင်ညာ၊ ဂါဗီနဲ့ နွေရာသီအပြောင်းအရွှေ့က ခေါ်ယူထားတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်တို့နဲ့ ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်ရမှာပဲ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာတာက ဖာမင်ကို ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားစေခဲ့တာပါ။ ဒါပေမဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်ကတော့ ကွင်းလယ်လူက သူ့အတွက် အရေးပါကြောင်း အမြဲတမ်း ပြောဆိုခဲ့ပါတယ်။ ဖာမင်ဟာ ၂၀၂၉ အထိ စာချုပ်ရှိနေပေမယ့် စာချုပ်မကုန်ခင် ထွက်ခွာနိုင်ချေကို မငြင်းခဲ့ပါဘူး။

‘အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ကျွန်တော် မထိန်းချုပ်နိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကတိတွေ ပြုခဲ့ပါတယ်။ ဒီနေရာမှာပဲ နှစ်အများကြီး ရှိနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’ လို့ ဖာမင်က ပြောကြားခဲ့ပါတယ်။

ဖာမင်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်တွေမှာ ကစားဖို့ နည်းပြ လူးဝစ် ဒီလာဖူယန်တေးက ခေါ်ယူထားပါတယ်။ ဘာစီလိုနာအသင်းကတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ဗလင်စီယာအသင်းနဲ့ လာမယ့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။