
အက်သလက်တီကိုနဲ့ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်ရဲ့လျှို့ဝှက်လက်နက်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဗယ်လ်ဗာဒီ
ရီးရဲလ်မက်ဒရစ်က အခုသီတင်းပတ်ကုန်၊ အိမ်ကွင်းမှာ ဗယ်လီကာနိုကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အရေးကြီးတဲ့ကွက်လပ်တစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်နိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေတဲ့ ဘာစီလိုနာနဲ့ ရမှတ်တူသွားခဲ့ပါတယ်။ ကတ္တလန်သားတွေကတော့ ဝမ်းနည်းစရာကိစ္စတစ်ခုနဲ့အတူ အခုသီတင်းပတ်ကုန်၊ အိုဆာဆူနာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။
အမှတ်ပေးဇယားတတိယနေရာမှာရှိနေတဲ့ အက်သလက်တီကိုမက်ဒရစ်ကတော့ ဂီတာဖေးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ခြေချော်ခဲ့ပြီးနောက် အယ်လ်ကလက်စတီကိုအတွဲနောက် တစ်မှတ်အကွာဖြင့် ရပ်တည်နေခဲ့ပါတယ်။ ဘောလုံးရာသီကုန်ဆုံးဖို့ နီးကပ်လာနေလို့ ပွဲစဉ်တိုင်းနဲ့ အသေးစိတ်အချက်အလက်တိုင်းက အရေးကြီးလာပြီး အန်ဆယ်လော့တီကိုယ်တိုင်လည်း သူ့ရဲ့အသင်းဟန်ချက်ညီနေစေရန် ကြိုးပမ်းနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံစစ်မျက်နှာဖွင့်တိုက်ပွဲဝင်နေလို့ အချိန်စီမံခန့်ခွဲနိုင်မှုအပိုင်းက သူ့အတွက် အရေးကြီးနေပြန်ပါတယ်။ အီတာလျံဝါရင့်နည်းပြကြီးက အမှတ်လျော့ကျနိုင်မယ့်အလားအလာရှိနေပေမယ့် ကစားသမားတွေဆီ တောင်းဆိုမှုတွေကို လျှော့ချသွားဖို့ ရည်မှန်းထားပြီး အဓိကကျမယ့်အခိုက်အတန့်တိုင်းမှာ အနားယူနိုင်မယ့်အချိန်တွေကို ဖန်တီးပေးသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။
စွယ်စုံရကြယ်ပွင့်ကစားသမားဗယ်လ်ဗာဒီဆိုရင်လည်း အခုလအတွင်း ကြွက်သားဒဏ်ရာပြဿနာ ရင်ဆိုင်နေရလို့ ပွဲစဉ်တိုင်းမှာ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အန်ဆယ်လော့တီကတော့ ကာဗာဂျယ်လ်မကစားပေးနိုင်သေးတဲ့ ညာနောက်ခံလူနေရာမှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်ပြသထားနိုင်တဲ့ ဥရုဂွေးသားကို အသုံးပြုသွားနိုင်ဖို့ စောင့်ကြည့်နေခဲ့ပါတယ်။
ဗယ်လ်ဗာဒီက လာမယ့်ရက်ပိုင်းအတွင်း အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မှာ ကပ္ပတိန်အဖြစ် ပွဲထွက်ပါဝင်ကစားသွားမယ်လို့ မျှော်လင့်ရပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းက ပထမအကျော့မှာ မြို့ခံဒါဘီပြိုင်ဘက်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
ဗယ်လီကာနိုကို အနိုင်ယူခဲ့တဲ့ အခုသီတင်းပတ်ကုန်ပွဲစဉ်မှာ အရန်ခုံမှတဆင့် ပွဲချိန် ၂၅ မိနစ်ခန့် ပါဝင်ကစားနိုင်ခဲ့တဲ့ ဗယ်လ်ဗာဒီက ခက်ခဲကြပ်တည်းလှတဲ့ ပွဲစဉ်ဇယားရေးဆွဲမှုတစ်ခုအောက်မှာ ကလပ်အသင်းရဲ့လျှို့ဝှက်လက်နက်တွေဖြစ်တဲ့ ဆေးဝန်ထမ်းတွေဟာ ကစားသမားတွေ အနားယူဖို့နဲ့ ကြံ့ခိုင်မှုပြည့်ဝနေစေရန် အချိန်ပိုဆင်းလုပ်ဆောင်ပေးနေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
သူက “ဗုဒ္ဓဟူးညပွဲစဉ်က အခုဘောလုံးရာသီအတွက် အရေးအကြီးဆုံးပွဲစဉ်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ပံ့ပိုးပေးမှုတွေအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့သာ စည်းလုံးညီညွှတ်မယ်ဆိုရင် အရာရာတိုင်းကို ဖြတ်ကျော်သွားနိုင်ပါလိမ့်မယ်။
ကျွန်တော်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော် အလွန်တည်ငြိမ်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးပုံစံမှာရှိနေဖို့ ဒေါက်တာတွေ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာနည်းပြတွေ၊ အိမ်မှာဆိုရင် မိသားစုဝင်တွေရဲ့အကူအညီနဲ့အတူ ကျွန်တော်တို့လုပ်ရမယ့် အလုပ်တွေကို လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။