ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖာတီ
ဘာစီလိုနာလူငယ်စတား ဖာတီတစ်ယောက် အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းရင်း ခြေထောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉ နောက်ပိုင်းကတည်းက ဖာတီဟာ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရတာဖြစ်ပြီး ၂၀၂၀ တုန်းကလည်း ဒူးဒဏ်ရာကြောင့် တစ်နှစ်လုံးနီးပါးအနားယူခဲ့ရပါတယ်။ အဲ့နောက် တံကောက်ကြောဒဏ်ရာ ၊ ကြွက်သားဒဏ်ရာတွေနဲ့ ဆက်လက်နပန်းလုံးခဲ့ရပြီး ဘရိုက်တန်ကိုပါ အငှားထွက်ကစားခဲ့ရပါတယ်။
ဘရိုက်တန်မှာ အငှားလာကစားနေစဉ်အတွင်းမှာလည်း ဖာတီတစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ၃ လလောက်အနားယူခဲ့ရသေးတာဖြစ်ပါတယ်။ ဒါ့အပြင် ကြံ့ခိုင်မှုပိုင်းအခြေအနေကြောင့် ဖာတီဟာ မိနစ် ၁၀၀၀ ကျော်လောက်သာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ စပိန်သားဟာ လက်ရှိမှာ ဖလစ်ရောက်လာမှုနဲ့အတူ ဘာစီလိုနာမှာ ပြန်ကစားဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
“အင်္ဂါနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်မှာ ဖာတီတစ်ယောက် ညာဘက်ခြေထောက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သူက ဘာစီလိုနာမှာ ဆေးကုသမှုခံမှာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝခဲ့ရင်တော့ လေ့ကျင့်ခန်းပြန်ဆင်းမှာဖြစ်ပါတယ်”လို့ ဘာစီလိုနာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဖာတီကတော့ ဘာစီလိုနာမှာ ဆက်နေချင်ပေမယ့် အသင်းဘက်က ဖလစ်ရဲ့အစီအစဉ်ထဲမှာ ဖာတီအနေနဲ့ပါဝင်မှာမဟုတ်ဘူးလို့ အသိပေးထားပြီးဖြစ်ပါတယ်။ စပိန်သားကို ဖီနာဘာချီအပါအဝင် အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး မော်ရင်ဟိုကလည်း လာမယ့်ရာသီသစ်မတိုင်ခင် အသင်းကိုတည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။