The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ တကျော့ပြန်ရောက်ရှိလာပြီးနောက် မော်ရင်ဟို ပိုမိုရင့်ကျက်တည်ငြိမ်လာတယ်လို့ ဖွင့်ဟလာတဲ့ ကော်တွိုက်စ်

နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲလာခဲ့တယ်လို့ သူယူဆထားတဲ့ နည်းပြမော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲခွင့်ရရှိလို့ ကော်တွိုက်စ် အလွန်ဝမ်းမြောက်ပျော်ရွှင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ရာသီဆက် ဆုဖလားလက်မဲ့ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို အောင်မြင်မှုတွေဆီ ပြန်လည်ပို့ဆောင်ပေးဖို့ ရည်မှန်းချက်နဲ့အတူ ဇွန် ၁၁ ရက်မှာ မော်ရင်ဟို နည်းပြဖြစ်လာပြီး ဘာနေဗျူးနဲ့ ၁၃ နှစ်ကြာ ဝေးကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

စာချုပ်သက်တမ်း သုံးနှစ် ရှိထားတဲ့ မော်ရင်ဟိုက ပြိုင်ဘက်ဘာစီလိုနာရဲ့ဦးဆောင်နေမှုကို နောက်တစ်ကြိမ်စိန်ခေါ်နိုင်ရေးအတွက် အသင်းကို အသွင်ပြောင်းလဲပေးဖို့ တာဝန်ပေးအပ်ခံထားရပါတယ်။

၂၀၁၄-၂၀၁၅ ဘောလုံးရာသီ၊ မော်ရင်ဟိုလက်အောက် ချဲလ်ဆီးမှာ ကစားခဲ့ဖူးပြီး အနောက်လန်ဒန်ကလပ်ကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ဖူးတဲ့ ကော်တွိုက်စ်က ဒီဂန္တဝင်နည်းပြကြီး ပြောင်းလဲလာသလို ပိုကောင်းတဲ့ဘက်ဆီ ပြောင်းလဲလာတာမျိုး ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကော်တွိုက်စ်က "မော်ရင်ဟို ပြန်ရောက်လာတယ်ဆိုတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သူ့ရဲ့သြဇာလွှမ်းမိုးမှုက နေရာတိုင်းမှာ ပြည့်နှက်နေပါတယ်။ အဝတ်လဲခန်းထဲ ဝင်လာချိန် သူ ရှိနေရင် သူ ရှိနေမှန်းကို သိသာထင်ရှားစွာ ခံစားမိနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ လိုအပ်နေတဲ့ အရာတစ်ခုလို့ ထင်ပါတယ်"

"သူကိုယ်တိုင်ပြောသလိုပဲ သူက ဒီထက်တောင် ပိုပြီး ရင့်ကျက်လာခဲ့တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အတွေ့အကြုံတွေနဲ့အတူ တစ်ခါတလေကျရင် သူက ပိုပြီးတော့တောင် တည်ငြိမ်လာတယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးမှာတုန်းကတော့ အဝတ်လဲခန်းထဲမှာ သူက ဒီထက် ပိုပြတ်သားသလို ပိုပြီးတော့လည်း ပြင်းထန်တင်းမာခဲ့တယ်လို့ ကျွန်တော် မှတ်မိနေပါသေးတယ်"

"အခုလည်း သူက အဲဒီလိုပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ကျွန်တော်မှတ်မိနေတဲ့ ပုံစံနဲ့စာရင် အနည်းငယ်လျော့ကျသွားတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ သူက အရင်အတိုင်း ကိုယ်ရည်ကိုယ်သွေး အပြည့်ရှိနေဆဲဖြစ်သလို သြဇာလွှမ်းမိုးမှုလည်း ရှိနေဆဲပါပဲ။ ရာသီအစပိုင်းမှာ ကျွန်တော်တို့ နှစ်ပွဲရှုံးနိမ့်ခဲ့ပေမဲ့ အခုတော့ အရာအားလုံး အဆင်ပြေချောမွေ့နေပြီး ဒီနိုင်ပွဲလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

မော်ရင်ဟိုက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်ကို ၁၇၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၂၀၁၁ ကိုပါဒယ်လ်ရေးဖလား၊ ၂၀၁၂ လာလီဂါဖလားနဲ့ ၂၀၁၂ စပိန်စူပါဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။