ဝုဗ်နဲ့ပွဲမှာ လူစားလဲဝင်ရောက်ပြီး ခြေစွမ်းပြသခဲ့တဲ့ အက်စ်တီဗာအိုကို မာရက်စ်ကာ ချီးကျူး
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက တနင်္ဂနွေနေ့နံနက်က ဝုဗ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက်လူစားလဲဝင်ရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဝီလီယံအက်စ်တီဗာအိုကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အက်-၁၈ နှစ်အရွယ်ဘရာဇီးသားလူငယ်ဟာ ကွင်းထဲသို့လူစားလဲဝင်ရောက်လာပြီး ၆၈ စက္ကန့်မှာပဲ အသင်းဖော် ဂျာအိုပက်ဒရိုအတွက် ဂိုဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အက်စ်တီဗာအိုဟာ ချဲလ်ဆီးမှာတောက်လျှောက်ခြေစွမ်းပြနေတာကြောင့် ပရိသတ်တွေကလည်း သူ့ကို ပွဲထွက်လူစာရင်းမှာထည့်သွင်းအသုံးပြုဖို့ မာရက်စ်ကာထံ အများအပြား တောင်းဆိုထားကြတာဖြစ်ပါတယ်။
ဘရာဇီးကြယ်ပွင့်နဲ့ပတ်သက်ပြီး မာရက်စ်ကာက "ပရိသတ်တွေ အသင်းရဲ့ပွဲတွေကြည့်ဖို့ လက်မှတ်ဝယ်တယ်ဆိုတာ အက်စ်တီဗာအိုတို့လို ကစားသမားတွေကို လာကြည့်ချင်လို့ပါ။ ဒီလိုကစားသမားတွေ ပွဲထဲမှာပါလာရင် ပရိသတ်တွေပျော်ရွှင်ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ်သို့စတင်ရောက်ရှိလာတဲ့ အက်စ်တီဗာအိုဟာ တည်ငြိမ်တဲ့ခြေစွမ်းကိုတောက်လျှောက်ပြပြီး အသင်းကိုအကူအညီတွေပေးထားနိုင်တာကြောင့် ယခုအခါမှာ ပရိသတ်အချစ်တော်ကစားသမားတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခံထားရပြီဖြစ်ပါတယ်။
အခုလို ခြေစွမ်းပြနေတဲ့ဘရာဇီးသားဟာ ဘောလုံးသုတေသနအဖွဲ့အစည်းဖြစ်တဲ့ CIES Football Observatory ရဲ့ထုတ်ပြန်ချက်အရ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ပြီးနောက် ပေါင်သန်း ၁၀၀ ကျော်တန်ကြေးရှိတဲ့ဒုတိယမြောက် ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပါတယ်။ မာရက်စ်ကာကို အက်စ်တီဗာအိုက ပေါင်သန်း ၁၀၀ ကျော်တန်ပါ့မလားလို့ မေးမြန်းခဲ့ရာ အီတလီသားက "ဒါက မှန်ပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ နောက် ၅ နှစ် ၆ နှစ်အတွင်းသူက ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်ဆုံးအမြင့်ကို ရောက်လာမယ့်သူပါ" လို့ပြောကြားခဲ့ပါတယ်။