
ဘာစီလိုနာရဲ့ နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်ကို အတည်ပြုလိုက်တဲ့ ဖာဘရီဇီယိုရိုမာနို
ဘာစီလိုနာဟာ နွေရာသီ အပြောင်းအရွှေ့အတွက် သူတို့ရဲ့ အစီအစဉ်တွေကို စတင် ရေးဆွဲနေပြီး အဆိုပါအလုပ်ကို အားကစားဒါရိုက်တာ ဒေကိုက ဦးဆောင်မှာဖြစ်ပါတယ်။ ဟန်ဆီဖလစ်ကလည်း ပါဝင်ပတ်သက်မှာ ဖြစ်ပြီး အနည်းဆုံး ကစားသမား တစ်ဦး ခေါ်ယူမှုအပေါ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ရှိမယ်လို့ မျှော်လင့်ရပါတယ်။
မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဖလစ်က နွေရာသီမှာ ညာနောက်ခံလူ အသစ်တစ်ဦး ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာမှာ လက်ရှိ အဆိုပါနေရာအတွက် ကွန်ဒီနဲ့ ဟက်တာ ဖို့တ်တို့ကို ရွေးချယ်စရာ အနေနဲ့ ရှိထားပေမယ့် ဖို့တ်ကို နောက်ရာသီမှာ အသင်းကြီးနှင့်အတူပုံမှန်ပွဲထွက် ကစားနိုင်ဖို့ အငှားချဖို့ စီစဉ်ထားပုံရပါတယ်။
ဒေကိုက ဒီတောင်းဆိုမှုကို ဖြည့်ဆည်းဖို့ အဆင်သင့် ဖြစ်နေပြီး ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ နွေရာသီ အပြောင်းအရွှေ့မှာ ညာနောက်ခံလူ အသစ်တစ်ဦး ခေါ်ယူဖို့ ရွေးချယ်စရာတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။ သူတို့က ကွန်ဒီနဲ့ ပတ်သက်ပြီး အလွန်ကျေနပ်နေပေမယ့် နောက်ရာသီမှာ သူ့ကို ပိုမို စိန်ခေါ်မှုပေးဖို့ ရည်ရွယ်ထားသလို ဒီထပ်တိုးခေါ်ယူမှုက သူ့ကို ပိုမိုလွယ်ကူစွာ အနားပေးနိုင်မယ်လို့လည်း စိတ်ကူးထားပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ နာမည်တစ်ခုအနေနဲ့ ဖော်ပြခံထားရတာကတော့ ရာယိုဗယ်လီကာနိုရဲ့ ရာတီယူပါ။ ဒေကိုက အဆိုပါ ရိုမေးနီးယား လက်ရွေးစင်ကစားသမားကို အထူးသဘောကျသူ ဖြစ်ပေမယ့် ဖလစ်ကတော့ သူ့ကို သိပ်မယုံကြည်သေးဘဲ တခြား ရွေးချယ်စရာတွေကို ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။ ညာနောက်ခံလူ အသစ်တစ်ဦး ခေါ်ယူမှုက ကွန်ဒီကို သူ့ရဲ့ပုံမှန်နေရာဖြစ်တဲ့ ဗဟိုခံစစ်မှာ ကစားခွင့် ပေးနိုင်မှာဖြစ်ပြီး ဖလစ်မှာ လက်ရှိတွင် ကူဘာဆီ၊ အရူဂျိုနဲ့ မာတီနက်ဇ်တို့လို ရွေးချယ်စရာတွေ ရှိနှင့်ထားပြီးသားပါ။ ဒါ့အပြင် လေဗာကူဆင်နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ဂျိုနာသန်တာ ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း သိသိသာသာ ထွက်ပေါ်နေပါတယ်။
ဘာစီလိုနာက သူတို့ရဲ့ ညာနောက်တန်းနေရာကို ဘယ်လို အားဖြည့်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။ သူတို့ရဲ့ လူသိများတဲ့ ငွေကြေး အခက်အခဲတွေကြောင့် ပစ်မှတ်ထားတဲ့ ကစားသမားကို ခေါ်ယူဖို့ ငွေအများကြီး သုံးနိုင်ဖွယ် မရှိသလို တန်ဖိုးကြီး တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိနေတာကလည်း ထည့်စဉ်းစားစရာ ဖြစ်နေပါတယ်။