The network connection is lost.

Banner Image

ဥဇဘက်ကစ္စတန်နည်းပြသစ်အဖြစ် တာဝန်ပေးအပ်ခံရတဲ့ ကန်နာဗာရို

ကမ္ဘာ့ဖလားချန်ပီယံအသင်းခေါင်ဆောင်၊ ဘော်လွန်းဒီအော်ဆုရှင်ကန်နာဗာရိုကို ဥဇဘက်ကစ္စတန် သမိုင်းတလျှောက်ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းရဲ့ဦးဆောင်သူအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ အခုလို ကန်နာဗာရိုရောက်ရှိလာမှုက ရည်မှန်းချက်အပေါ် အခြေတည်ကာ ရဲရဲတင်းတင်းတည်ဆောက်ထားတဲ့ ခေတ်သစ်တစ်ခုရဲ့စတင်မှု ဖြစ်လာခဲ့ပါတယ်။ 

ဥဇဘက်ကစ္စတန်က သူတို့ရဲ့သမိုင်းတလျှောက်ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခရီးစဉ်မတိုင်ခင် ကန်နာဗာရိုကို နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးလမ်း တဝက်တပျက်မှာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနုတ်ထွက်သွားတဲ့ ဆရီကိုကာတာနက်နေရာကို အစားထိုးတာဝန်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် လမ်းပြပေးခဲ့တဲ့ တီမာကာပက်ဇီရဲ့ ထွက်ခွာမှုအပြီး အသက်-၅၂ နှစ်အရွယ် ကန်နာဗာရိုက ဒီတာဝန်ကို ဆက်ခံသွားပါလိမ့်မယ်။ 

ဥဇဘက်ကစ္စတန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်ကလည်း ခြွင်းချက်မရှိပြည့်စုံခဲ့ပြီး ၁၅ ပွဲကစားရာမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့သလို တတိယအဆင့်အတွက် ၁၀ ပွဲကစားပြီးချိန်မှာလည်း ၂၁ မှတ်အထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းအရေအတွက် မတိုးချဲ့ထားဘူးဆိုရင်တောင် ပြိုင်ပွဲဝင်ဖို့ အရည်အချင်းပြည့်မီစေပါလိမ့်မယ်။ အခုလို ကန်နာဗာရိုရောက်ရှိလာမှုက ဥဇဘက်ကစ္စတန်ရဲ့ တက်ကြွမှုအပြည့်၊ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ကစားဟန်ကို အတွေ့အကြုံနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေ ထပ်မံပေါင်းထည့်ပေးလာပါလိမ့်မယ်။

ကန်နာဗာရိုက ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ရာထူးမှထုတ်ပယ်ခြင်းမခံရမီ ဒိုင်နမိုဇာဂရက်ကို ၁၄ ပွဲမျှ ကိုင်တွယ်ခဲ့ပါတယ်။ အခုလိုတိုတောင်းလှတဲ့ကာလတစ်ခု ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့စီမံခန့်ခွဲမှုတွေကို ဥရောပနဲ့ အာရှဒေသတခွင်မှာ ပြန်လည်မြင်တွေ့ရဖို့ စိတ်အားထက်သန်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံကပ္ပတိန်နဲ့ ဘော်လွန်းဒီအော်ဆုရှင်က ဥဇဘက်ကစ္စတန်ဆီ ထိပ်တန်းနောက်ခံလူတစ်ဦးရဲ့အရည်အသွေးနဲ့ ခေါင်းဆောင်မှုတို့ကို ယူဆောင်လာပေးပါလိမ့်မယ်။ 

ကန်နာဗာရိုက ၂၀၁၃ ခုနှစ်၊ ရှာဟတ်အယ်လ်အာလီအသင်းမှာ လက်ထောက်နည်းပြတစ်ဦးအဖြစ် တာဝန်ယူပြီး နည်းပြဘဝခရီးလမ်းကို စတင်လာခဲ့ပါတယ်။ UAE ပရိုလိဂ်မှာ ရှိနေစဉ်ကာလအတွင်း ကလပ်အသင်းကို UAE ပရိုလိဂ်အမှတ်ပေးချန်ပီယံဆုနဲ့ UAE လိဂ်ဖလားတို့ရရှိစေရန် ကူညီခြင်းဖြင့် နည်းပြဘဝခိုင်မာတဲ့စတင်မှုတစ်ခုကို အလျှင်အမြန်ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့နည်းပြဘ၀ ပထမဆုံးအောင်မြင်မှုကတော့ တရုတ်ပြည်တွင်းကလပ် Tianjin Quanjian နဲ့အတူ ရောက်ရှိလာပြီး ၂၀၁၆ ခုနှစ်မှာ ကလပ်အသင်းကို တရုတ်လိဂ်ဝမ်းချန်ပီယံဆုနဲ့ စူပါလိဂ်ဆီတန်းတက်နိုင်အောင် လမ်းပြပေးခဲ့ပါတယ်။ ကန်နာဗာရိုရဲ့ဦးဆောင်မှုအောက် Tianjin က ထိပ်တန်းလိဂ်အဖွင့်ရာသီမှာပဲ အမှတ်ပေးဇယားတတိယနေရာ ရရှိကာ အီတာလျံဂန္တဝင်ကိုယ်တိုင်လည်း ၂၀၁၇ ခုနှစ်အတွက် တရုတ်ဘောလုံးအဖွဲ့ချုပ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကန်နာဗာရိုရဲ့အောင်မြင်မှုတွေက Guangzhou Evergrande ကို မျက်စိကျစေပြီး အဲ့ဒီကလပ်အသင်းမှာပဲ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ အထိ၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒုတိယမြောက်သက်တမ်းကာလအတွင်းမှာတော့ သူက ကလပ်အသင်းဆီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိုက်သင့်တဲ့ရလဒ်တွေအပြင် ၂၀၁၉ ခုနှစ်ရဲ့တရုတ်စူပါလိဂ်ချန်ပီယံဆုကြီးကိုလည်း ယူဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့Guangzhou Evergrande နည်းပြဘဝမှာ ၂၁၁ ပွဲကိုင်တွယ်ပြီး ၁၂၅ ပွဲ အနိုင်ရရှိခဲ့လို့ တရုတ်ဘောလုံးသမိုင်းတလျှောက် အအောင်မြင်ဆုံးနိုင်ငံခြားသားနည်းပြတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

တရုတ်ဘောလုံးလောကမှထွက်ခွာလာချိန် ကန်နာဗာရိုက ဆော်ဒီပြည်တွင်းကလပ် အယ်လ်နာဆာ၊ စီးရီးဘီကလပ် ဗင်နီဗန်တို၊ စီးရီးအေကလပ် အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်တို့မှာ ကာလတစ်ခုကြာ တာဝန်ယူခဲ့ပါတယ်။