The network connection is lost.

Banner Image

ပေါ်တူဂီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအပေါ် တာဝန်အပြည့်အ၀ယူခဲ့တဲ့ ဥဇဘက်ကစ္စတန်နည်းပြကန်နာဗာရို

ဥဇဘက်ကစ္စတန်အသင်းနည်းပြကန်နာဗာရိုက ပေါ်တူဂီကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု(K) ပွဲစဉ်အတတွက် တာဝန်ယူခဲ့ပေမဲ့ နိုင်ငံတကာစင်မြင့်ထက် တိုးတက်လာနေတဲ့ အသင်းတစ်ခုအဖြစ် ဟူစတန်မြေခါးသီးအတွေ့အကြုံနောက်ပိုင်း ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ကန်နာဗာရိုရဲ့အသင်းက သူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းအစမှာ ကိုလံဘီယာအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အခုဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ထပ်မံရင်ဆိုင်လိုက်ရလို့ ပြိုင်ပွဲမှထွက်ခွာသွားရဖို့ နီးစပ်လာပါတယ်။ ဒါကြောင့် ဥဇဘက်ကစ္စတန်အသင်းအတွက် ရှုံးထွက်အဆင့်မျှော်လင့်ချက် ဆက်လက်ရှင်သန်စေဖို့ဆိုရင် လာမယ့်စနေနေ့၊ ဒီအာကွန်ဂိုနဲ့ပွဲစဉ်မှာ သေချာပေါက် အနိုင်ရရှိအောင် ကြိုးစားသွားရပါတော့မယ်။

"ကစားသမားတွေ အစွမ်းကုန်ကြိုးစားခဲ့ကြလို့ ကျွန်တော် တကယ်ပဲဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ တွက်ချက်မှုအရ နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက် လုံးဝမရှိတော့ချိန်အထိ ယုံကြည်ချက် ဆက်ရှိနေဖို့ လိုအပ်ပါတယ်"လို့ ကန်နာဗာရိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့ ကန်နာဗာရိုက ဒီရှုံးနိမ့်မှုအတွက် ပြစ်တင်ဝေဖန်မှုတွေကို ကစားသမားတွေဆီ မဟုတ်ဘဲ သူ့အပေါ်မှာသာ ထားရှိသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ဘဝတစ်လျှောက်လုံး ကစားသမားတစ်ဦးအဖြစ်၊ နည်းပြတစ်ဦးအဖြစ် အမြဲတမ်းတာဝန်ယူခဲ့ပါတယ်။ ၅-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်မှုက ကျွန်တော့်ရဲ့အမှားသာဖြစ်ပြီး ကစားသမားတွေနဲ့ မဆိုင်ပါဘူး" လို့ သူက ဆိုပါတယ်။

"ဒါက ကျွန်တော်တို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ကစားခြင်း ဖြစ်ပါတယ်။ ဘောလုံးပေးပို့ပုံလွဲချော်မှုနဲ့ အမှားအယွင်းတွေရှိနိုင်တယ်ဆိုတာ ကစားသမားတွေကို ပြောထားပါတယ်။ ကျွန်တော်က ပိုကြိုးစားဖို့နဲ့ ပိုတိုးတက်လာဖို့အတွက် ယုံကြည်မှုတွေ သူတို့ဆီ ပေးသွားရပါမယ်"လို့ ကန်နာဗာရိုက ဆက်ပြောခဲ့ပါတယ်။

နှစ်ဂိုးပြတ်ရှုံးနိမ့်နေချိန် ဂါနီယက်ဗ်ရဲ့ဗွေဆော်ဦးချေပဂိုးကို ပြစ်ဒဏ်ဘောအခြေအနေကြောင့် ခွင့်မပြုပေးခဲ့မှုအပေါ် အသင်းအတွက် တကယ့်ကို စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ ကန်နာဗာရိုက ဝန်ခံခဲ့ပါတယ်။

"ကိုလံဘီယာနဲ့ပွဲမှာလိုပဲ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ကစားနိုင်ခဲ့ကြလို့ သွင်းဂိုးငြင်းပယ်ခံခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ရဲ့ယုံကြည်မှုအပေါ် သက်ရောက်မှု ရှိပါတယ်" လို့ သူက ဆိုပါတယ်။

"သူတို့ကို ပိုပြီး ရဲဝံ့ကြဖို့၊ မကြောက်မရွံ့ကစားကြဖို့ ကျွန်တော် တောင်းဆိုထားပါတယ်။ အဲဒီလို စိတ်ဓာတ်ရှိနေရင် အသင်းလိုက်ရော၊ တစ်ဦးချင်းစီပါ ပိုမိုတိုးတက်လာနိုင်ပါတယ်။"

"ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရင်တောင် ကျွန်တော်တို့အတွက် အတွေ့အကြုံရယူဖို့ ဒီကို ရောက်ရှိလာတာ ဖြစ်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။