The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့အခြေအနေကို အရှိအတိုင်း ဝန်ခံလာတဲ့ အာမိုရင်

တော့တင်ဟမ်ကို အရေးနိမ့်ပြီးနောက် အဆင့် ၁၅ နေရာအထိ ကျဆင်းခဲ့တဲ့အနေအထားမှာ ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းရဲ့အခြေအနေကို အရှိအတိုင်း ဝန်ခံပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ ယူနိုက်တက်ကို ပွဲကစားချိန် ၁၃ မိနစ်မှာသွင်းယူခဲ့တဲ့ မက်ဒီဆင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ယူနိုက်တက်ဟာ အဆင့် ၁၅ နေရာအထိ ကျဆင်းခဲ့သလို တန်ဟက်ထွက်ခွာပြီးနောက် အာမိုရင်လက်အောက်မှာ တစ်ဆင့်ကျခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသားနည်းပြကတော့ ယူနိုက်တက်ကအခြေအနေဟာ အရာအားလုံးမှားယွင်းနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သတင်းမီဒီယာတွေကို အာမိုရင်က ပြောကြားရာမှာ “ကျွန်တော်တို့ ပြင်ဆင်ချိန် တစ်ပတ်ပဲရပါတယ်။ တစ်ပတ်မှာပဲ ကစားသမားတွေကို လက်လွှတ်ရပါတယ်။ အခုချိန်က အရာအားလုံးမှားယွင်းနေတာပါ။ ရက်သတ္တပတ်အစကတည်းက ကျွန်တော်တို့ အသင်းလိုက်လေ့ကျင့်ခန်းဆင်းပါတယ်။

အဲ့နောက် တစ်ရက်ပြီးတစ်ရက် ကစားသမားတွေကို လက်လွှတ်ခဲ့ရပါတယ်။ ကျွန်တော် ဆင်ခြေမပေးချင်ပါဘူး။နည်းပြတိုင်းမှာ ပြဿနာတွေရှိပါတယ်။ ကျွန်တော်တို့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ မှန်ပါတယ်။ ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြီးမားတဲ့ပုံရိပ်ကို အာရုံစိုက်တာ ရပ်တန့်ဖို့ လိုအပ်နေပါပြီ။ အခုတော့ အဲ့လိုလုပ်ရမယ့်အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်လာမယ့်ပွဲကို အာရုံစိုက်ရပါမယ်။ အချို့ပွဲတွေကိုအနိုင်ယူပြီး ရာသီပြီးဆုံးဖို့ လုပ်နိုင်တာအားလုံးလုပ်ရပါမယ်။

ခင်ဗျားဘာမြင်လဲဆိုတာကို ကျွန်တော်လည်း မြင်ပါတယ်။ကျွန်တော့်မှာ ပြဿနာတွေအများကြီးရှိပါတယ်။ ကျွန်တော့်အလုပ်က ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ယုံကြည်မှုအတိုင်းဆက်သွားမှာပါ။ ခင်ဗျား ကြီးပြင်းလာဖို့ဆိုရင် အများကြီးသင်ယူဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ ထွက်ပြေးရမှာမဟုတ်ပါဘူး။ အဲ့တာက ကျွန်တော့်ခံစားချက်ပါ။ ဒီနေ့ကတော့ နာကျင်ရပါတယ်။ ပွဲတော်တော်များများ ရှုံးရတယ်ဆိုတာက ခက်ခဲတဲ့နာကျင်မှုပါ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တစ်ပတ်အတွင်းမှာ ပြောင်းလဲနိုင်ဖို့ လုပ်ရပါမယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး လူငယ်ကစားသမား ၈ ဦးလောက်ကို အရန်ခုံထံခေါ်ယူလာခဲ့ရတာဖြစ်ပါတယ်။ အာမိုရင်ဟာ တော့တင်ဟမ်နဲ့ပွဲမှာ ချီဒိုအိုဘီမာတင်ကို လူစားလဲပြီး ဂိုးရဖို့ လုပ်ဆောင်ခဲ့ပေမယ့် ထင်ထားသလိုတော့ ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ အခြားလူငယ်တွေလည်း မကြာခင်မှာ စီနီယာကစားသမားဘဝပွဲဦးထွက်တွေ ပါဝင်ခွင့်ရလာဖွယ်ရှိနေပါတယ်။