အခုရာသီထက် ပိုကောင်းတဲ့ခံစားချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ပြောဆိုလိုက်တဲ့ ဟာလန်း
အံ့မခန်းဘောလုံးရာသီတစ်ခုကို စတင်ထားနိုင်တဲ့ ဟာလန်းက လက်ရှိမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ရရှိနေတယ်လို့ ခံစားမိနေပါတယ်။ မန်စီးတီးနဲ့ နော်ဝေတိုက်စစ်မှူးက အခုရာသီ၊ ကလပ်အသင်းနဲ့ နိုင်ငံအတွက် ၁၇ ပွဲ ပါဝင်ကစားပြီး ၂၇ ဂိုးအထိ သွင်းယူထားပါတယ်။
ဒါ့အပြင် အသက်-၂၅ နှစ်အရွယ်ကစားသမားက ၂၀၂၂ ခုနှစ်၊ မန်စီးတီးဆီ ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲစုံ ၁၆၀ ပွဲကစား၊ ၁၄၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဟာလန်းက “ ကောင်းမွန်တဲ့စတင်မှုတစ်ခုဖြစ်ပြီး ကျွန်တော့်ရဲ့ခံစားချက်လည်း အရမ်းကောင်းနေပါတယ်။ ဒါက ကျွန်တော့်ရဲ့အကောင်းဆုံးဗားရှင်းဖြစ်လိမ့်မယ်လို့ ခံစားမိပါတယ်။ အခုထက်ပိုကောင်းတဲ့ ခံစားချက်မျိုး ဘယ်တုန်းကမှ မရရှိခဲ့ဖူးပါဘူး။
ဒီလိုဆက်လက်ထက်မြက်နေဖို့အတွက် ကျွန်တော့်ရဲ့စိတ်ကို မှန်မှန်ကန်ကန်ထားရှိဖို့၊ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်နေဖို့၊ ကုသမှုတွေခံယူဖို့နဲ့ မှန်မှန်ကန်ကန်စားသောက်နေထိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အခုလိုမျိုးဟန်ချက်ညီမှုနဲ့အတူ ဒီလိုဇုန်မျိုးထဲမှာ နေထိုင်ပါတယ်။ စွမ်းအင်အဆင့်အတန်းကို ထိန်းသိမ်းထားဖို့၊ စိတ်အားထက်သန်နေဖို့၊ ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်အတွက် ကောင်းတဲ့အရာတွေကို လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။
ဟာလန်းက သူ့ရဲ့ခြေစွမ်းကို လာမယ့်တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကို ဧည့်ခံကစားရမယ့် ပွဲစဉ်မှာလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒီပွဲစဉ်က အောင်မြင်ကျော်ကြားလှတဲ့ ပက်ဂွါဒီယိုလာရဲ့ နည်းပြဘ၀ ပွဲ ၁၀၀၀ မြောက်ဖြစ်ပြီး ဟာလန်းကိုယ်တိုင်လည်း သူ့ရဲ့ကစားပုံကို စပိန်လူမျိုးနည်းပြ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ သံသယမရှိ ယုံကြည်နေပါတယ်။
ဟာလန်းက “ မန်စီးတီးဆီ ရောက်ရှိလာပြီးနောက် ကျွန်တော့်ကို ပက်ဂွါဒီယိုလာက လှုပ်ရှားမှုတွေနဲ့အတူ ကူညီပေးခဲ့ပြီး ဂိုးတွေသွင်းယူနိုင်တဲ့ အခြေအနေမျိုးဆီ ရောက်ရှိအောင် ကြိုးစားပေးခဲ့ပါတယ်။ ဒါက ပက်ဂွါဒီယိုလာဖြစ်ပြီး ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။ အခုအထိတော့ ကောင်းမွန်တဲ့ခရီးလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အဆက်မပြတ်ကြိုးစားအားထုတ်မှုတွေကြောင့် အခုလိုမျိုး အောင်ပွဲတွေ အလီလီဆွတ်ခူးနိုင်တာပါ”လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ပွဲစဉ်က အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ ရည်မှန်းနေတဲ့ ကလပ်အသင်းနှစ်ခုလုံးအတွက် အထူးအရေးပါတဲ့ပွဲစဉ် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာပြည့်ဂိုးသွင်းယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ဟာလန်းက “ လွယ်ကူမယ့်ပွဲစဉ်မဟုတ်လို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့အကြား ပြိုင်ဆိုင်မှုက ပြီးခဲ့တဲ့နှစ်တွေအတွင်း အံ့သြဖို့ကောင်းလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အချင်းချင်းပိုကောင်းအောင် တွန်းအားပေးကြပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ကြပါတယ်”လို့ ဆိုပါတယ်။