
ချဲလ်ဆီးနဲ့ပထမဆုံးပွဲဦးထွက်မတိုင်မီ အက်စ်တီဗာအိုကို သတိပေးလိုက်တဲ့ အန်ဇို မာရက်စ်ကာ
ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးဟာ ဘရာဇီးကလပ် ပယ်လ်မီးယက်စ် မှ အသက် ၁၈ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးမှာ ယူရို ၃၄ သန်း (ပေါင် ၂၈.၇ သန်း) နှင့် အပိုဆုကြေး ယူရို ၂၃ သန်း (ပေါင် ၁၉.၄ သန်း) တို့ ဖြစ်ပါတယ်။
အက်စ်တီဗာအိုဟာ ပယ်လ်မီးယက်စ်တွင် ကလပ်ကမ္ဘာ့ဖလား အပြီးအထိ ဆက်ရှိနေခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ် ရာသီသစ်မတိုင်မီ ချဲလ်ဆီးသို့ ရောက်ရှိလာခဲ့ပါတယ်။ တောင်ပံကစားသမားဟာ ဘရာဇီးရှိ အတော်ဆုံး လူငယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး နေမာနှင့်ပင် နှိုင်းယှဉ်ခြင်းခံနေရပါတယ်။ သို့သော်လည်း မာရက်စ်ကာက အက်စ်တီဗာအိုဟာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာပြီးနောက် လိုက်လျောညီထွေဖြစ်အောင် အချိန်ယူရန် လိုအပ်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အတွက်တော့ သူ့ကို ဖိအားပေးတာဟာ အကြီးမားဆုံး အမှားပဲ ဖြစ်နိုင်ပါတယ်။ သူက အရမ်းငယ်ပါသေးတယ်၊ လိုက်လျောညီထွန်းဖြစ်အောင် လုပ်ရပါလိမ့်မယ်" "အမေရိကန်မှာ ကျွန်တော်တို့ ပယ်လ်မီးယက်စ်နဲ့ ကစားတုန်းက သူ့ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားပါ၊ အရမ်းငယ်သေးတယ်၊ ပျော်ရွှင်တဲ့ ကောင်လေးတစ်ယောက်ပါပဲ။ သူက အမြဲတမ်း ရယ်နေတတ်တယ်၊ ဘရာဇီးလူမျိုးတွေရဲ့ ထုံးစံအတိုင်းပါပဲ၊ ကျွန်တော်တို့ သူ့ကို ပျော်ရွှင်နေအောင် ထားဖို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့ နည်းနည်း ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ကမ္ဘာ့တစ်ဖက်ခြမ်းက လာတာဖြစ်ပြီး အရမ်းကိုငယ်သေးလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုပါတယ်" "ကျွန်တော် ပြောခဲ့သလိုပဲ၊ ဖိအားမပေးဘဲ ပျော်ရွှင်မှုနဲ့ အချိန်ပေးရပါတယ် သူက လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါလိမ့်မယ်။ မျှော်လင့်တာကတော့ သူ့ကို ကစားချိန်တွေ ပေးနိုင်မှာပါ၊ ဒါမှ သူ ပိုပြီး ပျော်ရွှင်နေမှာပါ။ ဒါပေမဲ့ သေချာတာကတော့ သူက အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ" လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မာရက်စ်ကာက အက်စ်တီဗာအိုဟာ ချဲလ်ဆီး တိုက်စစ်ရဲ့ နေရာများစွာတွင် ကစားနိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်နေပါတယ်။ အက်စ်တီဗာအိုက ချဲလ်ဆီးအသင်းမှာ မည်သည့်နေရာတွင် ပါဝင်နိုင်မလဲလို့ မေးမြန်းသောအခါ မာရက်စ်ကာက "သူ ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်"
"သူ အရမ်းကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ကိုးလ် ပါလ်မာ လိုပါပဲ၊ သတိထားရမှာက သူက ကိုးလ်ရဲ့ နေရာနဲ့ ဆင်တူပါတယ်။ သူက အပြင်ဘက်မှာ ကစားနိုင်တယ်၊ အတွင်းဘက်မှာ ကစားနိုင်တယ်၊ ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်နေရာ ငါးခုစလုံးမှာ သူ ဘယ်နေရာမှာမဆို ကစားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။