
ဆောက်သမ်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပယ်လ်မာကို ဘာပြောခဲ့လဲဆိုတာကို မာရက်စ်ကာ ထုတ်ဖော်ပြောကြား
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဆောက်သမ်တန်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပယ်လ်မာကို ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ပြိုင်ပွဲစုံ ၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဂိုးတွေကို အန်ကူကူ ၊ နက်တို ၊ ကူကူရယ်လာ နဲ့ ကိုဝဲလ်တို့က သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးကနေပြောင်းလာပြီးနောက် ခြေစွမ်းကောင်းတွေပြသနေတဲ့ ပယ်လ်မာကတော့ အခုနောက်ပိုင်းခြေစွမ်းကျဆင်းနေပြီး နောက်ဆုံး ၇ ပွဲမှာ ဂိုးတစ်ဂိုးမှမရသေးတာဖြစ်ပါတယ်။ “အဲ့တာက လွယ်ပါတယ်။ ကစားသမားဟောင်းတွေက ဒီလိုပဲပြောတတ်ပါတယ်။ သူတို့အားလုံးမှာလည်း ဆိုးဝါးတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ အဲ့တာက သာမန်ပါပဲ။ အဲ့တာက အသင်းတစ်သင်းနဲ့ဆင်တူပါတယ်။ ပယ်လ်မာဆီကနေ ရာသီတိုင်း ပွဲတိုင်းမျှော်လင့်နေလို့မရပါဘူး။ သူမနှစ်ကရာသီလိုလုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်လို့မရပါဘူး။
သူလည်း လူသားတစ်ဦးဖြစ်သလို အချို့အရာတွေ လွဲချော်နိုင်ပါတယ်။ အခုတော့ သူဘယ်လိုတုံ့ပြန်မလဲဆိုတာပဲကြည့်ရပါမယ်။ ဒါကြောင့်ကျွန်တော် သူ့ကိုအဲ့တာပဲပြောခဲ့တာပါ။ အားလုံးက သာမန်ပါပဲ။ သူပျော်နေသလို အဆင်ပြေပါတယ်။ ကျွန်တော် သူ့ကစားသမားဘ၀ ကံကောင်းခဲ့တယ်ဆိုတာကိုလည်း ပြောခဲ့ပြီးပါပြီ။
သူက ငယ်ရွယ်နေတာတောင် အဝတ်လဲခန်းထဲမှာ ထိပ်တန်းကစားသမားတွေနဲ့ တန်းတူကစားနိုင်ပါတယ်။ ထိပ်တန်းကစားသမားတွေတောင် ခက်ခဲတဲ့အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရတယ်ဆိုတာ သူသိပါတယ်။ သူ့ကိုစိတ်အေးအေးထားပြီး ဆက်လက်ကြိုးစားဖို့ ဘောလုံးကိုနှစ်သက်စွာကစားဖို့ပြောခဲ့ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံး ၄ သင်းနေရာအတွက် တိုက်ပွဲဝင်နေရသလို ကွန်းဖရန့်လိဂ်လည်း ကန်ရဦးမှာဖြစ်ပြီး အဲ့နောက် လက်စတာနဲ့ကန်ရမှာဖြစ်ပါတယ်။ မာရက်စ်ကာကတော့ မိမိတု့ိအသင်းအနေနဲ့ ထိပ်ဆုံး ၄ သင်းနေရာကို ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ “တကယ်လို့ ကျွန်တော်တို့ နိုင်ပွဲတွေဆက်လက်ရယူနိုင်မယ်ဆိုရင် အဲ့နေရာကို ရယူနိုင်မှာပါ။ တကယ်လို့ ကျွန်တော်တို့ အရှုံးများနေရင်တော့ ဖြစ်နိုင်ချေနည်းနိုင်ပါတယ်။ အတက်အကျရှိနိုင်ပေမယ့် ကျွန်တော်တို့ အဲ့တာတွေအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။