ဆလိုဗေးနီးယားနဲ့ပွဲမတိုင်ခင် လုခ်ရှောရဲ့ဒဏ်ရာအခြေအနေကို ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်
နိုက်တက် နဲ့ အင်္ဂလန်အသင်းဘယ်နောက်ခံလူ လုခ်ရှောတစ်ယောက် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်နေဆဲဖြစ်ကာ လာမယ့်အင်္ဂါနေ့မှာကန်မယ့် အင်္ဂလန်အသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆလိုဗေးနီးယားနဲ့ပွဲကိုပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။
ဆောက်သမ်တန်နောက်ခံလူဟောင်းဟာ ကြွက်သားဒဏ်ရာကြောင့် ဖေဖော်ဝါရီကတည်းက အနားယူနေရတာဖြစ်ပြီး အင်္ဂလန်အတွက်နောက်ဆုံးကစားပေးခဲ့ပြီးနောက် အခုဆို ၁၂ လအထိ ရှိနေပြီဖြစ်ပါတယ်။
ဘာတွေပဲဖြစ်ဖြစ် ရှောဟာ အင်္ဂလန်အသင်းရဲ့ယူရိုလူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့်လည်း ဆောက်ဂိတ်က အသက် ၂၈ နှစ်သားဟာ ဒဏ်ရာအခြေအနေက မသက်သာသေးဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ရှောတစ်ယောက် အိုက်စ်လန် ၊ ဘော့စနီးယားတို့နဲ့ခြေစမ်းပွဲတွေမှာ မပါဝင်ခဲ့ပဲ ဆောက်ဂိတ်က ယူရိုလူစာရင်းမှာမှ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်စတားဟာ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်အသင်းရဲ့အုပ်စုအဆင့်ပွဲတွေမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် တကယ်ကစားချိန်မှာတော့ ပါဝင်လာခြင်းမရှိတာဖြစ်ပါတယ်။ ရှောမပါဝင်နိုင်တာကြောင့် ဆောင်ဂိတ်အနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် ထရစ်ပီယာကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်။
ဒိန်းမတ်ကို ၁-၁ သရေကျခဲ့ပြီးနောက် အင်္ဂလန်ဟာ ရှောကို တစ်ဦးတည်းသီးသန့်လေ့ကျင့်ခန်းဆင်းစေခဲ့ပြီး အခုဆလိုဗေးနီးယားနဲ့ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။
အင်္ဂလန်ဟာ ဒိန်းမတ်ကိုအနိုင်ရခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပေမယ့် အခုတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိမ့်ဆုံးသရေတစ်မှတ်ယူနိုင်ယုံနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဆောက်ဂိတ်တစ်ယောက် ရှောကိုရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး မေးခွန်းအထုတ်ခံနေရသလို ဒိန်းမတ်နဲ့ပွဲက ရလဒ်ကြောင့် အသင်းကနေ အထုတ်ခံရဖို့ ဖိအားတွေများလာပါတယ်။အသက် ၅၃ နှစ်သားဟာ ၂ ပွဲစလုံးကို တူညီတဲ့လူစာရင်းအတိုင်းပွဲထုတ်လာခဲ့ပြီး အာနိုးလ်ကို ကွင်းလယ်မှာ ထားကစားလာခဲ့တာဖြစ်ပါတယ်။
ဘယ်လင်ဟမ်ကတော့ ရိုက်စ်နဲ့ကွင်းလယ်အနောက်အထိ ဆင်းခဲ့ရပြီး ဖိုဒန်ကို တိုက်စစ်နေရာမှာ ထားကစားခဲ့တာဖြစ်ပါတယ်။အဲ့တာအပြင် ဂေါ်ဒွန် ဒါမှမဟုတ် အီဇီးတို့ကို ဘယ်ခြမ်းမှာ အလဲအလှယ်လုပ်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာဖြစ်ပါတယ်။