The network connection is lost.

Banner Image

အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် စိတ်ကြိုက်အဖြစ်ဆုံးသူတစ်ဦးကို ရွေးချယ်လိုက်တဲ့ အယ်လီယော့

လီဗာပူးကြယ်ပွင့် အယ်လီယော့က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသစ် တာဝန်ယူသွားနိုင်မယ့် စံပြပုဂ္ဂိုလ်အဖြစ် သူ့ရဲ့နည်းပြဟောင်းတွေအနက် တစ်ဦးကို အကြံပြုလာခဲ့ပါတယ်။

အန်ဖီးလ်ကွင်းလယ်လူက အင်္ဂလန်ယူ-၂၁အသင်းနည်းပြ လီကာစလေကို ဆောက်ဂိတ်နေရာ အစားထိုးနိုင်မယ့် နည်းပြသစ်အဖြစ် ထောက်ခံပေးလိုက်တာပါ။ အသက်-၅၃ နှစ်အရွယ်ဆောက်ဂိတ်က ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို အရေးနိမ့်ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲသွားခဲ့ပါတယ်။

အယ်လီယော့က လီကာစလေလက်အောက် ပုံမှန်ပွဲထွက်ခွင့်ရရှိသူတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့နွေရာသီ၊ ဥရောပယူ-၂၁ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာမယ့် အင်္ဂလန်အသင်းအတွက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အသက်-၂၁ နှစ်အရွယ် ကစားသမားက ထပ်တန်းကလပ်အသင်းတွေရဲ့ ရေဒါထဲမှာ ကျရောက်နေတဲ့ လီကာစလေကို မယုံကြည်နိုင်စရာနည်းပြကောင်းတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် လီဗာပူးကြယ်ပွင့်က “လီကာစလေက မယုံကြည်နိုင်လောက်စရာ နည်းပြကောင်းတစ်ဦးဖြစ်သလို မယုံကြည်နိုင်လောက်စရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက နောက်ထပ်တစ်ဆင့်မြှင့်တဲ့ရာထူးမှာ တာဝန်ယူသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းကြီးတွေ အများကြီးရှိပြီး ဒါကပဲ သူ့အပေါ်မှာ၊ သူ့ရဲ့နည်းပြစွမ်းရည်အပေါ်မှာ အသိအမှတ်ပြုပေးနေမှု ဖြစ်ပါတယ်။ အင်္ဂလန်အတွက် ကစားပေးဖို့ ကျွန်တော် ကွင်းတွင်းဝင်ရောက်လာချိန်တိုင်းမှာ ကိုယ့်ရဲ့ကစားဟန်အတိုင်း လွတ်လွတ်လပ်လပ် ကစားခွင့်ရရှိခဲ့ပါတယ်။ လီကာစလေ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ခံစားမိပါတယ်။ နည်းပြသစ်ရာထူးအတွက်လည်း အခုအချိန်၊အက်ဖ်အေ(အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်)မှာ ဆွေးနွေးနေကြပါတယ်”လို့ ပြောပါတယ်။

ကစားသမားက လီဗာပူးအသင်းနဲ့အတူ အမေရိကန်နိုင်ငံဆီ ရာသီကြိုခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။ သူ့ကို သြဂုတ် ၁ ရက်၊ အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲစဉ်မှာ အန်းစလော့ရဲ့အသင်းအတွက် ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။