
မန်စီးတီးစတားကို ချိတ်ဆက်လာတဲ့ ဂါလာတာစာရေး
သတင်းတွေအရ မန်စီးတီးဂိုးသမား အီဒါဆန်ကို ဂါလာတာစာရေးက ချိတ်ဆက်လာတယ်လို့ သိရပါတယ်။ အီဒါဆန်ဟာ ဝုဗ်အသင်းနဲ့အဖွင့်ပွဲမှာ လူစာရင်းထဲ မပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဘရာဇီးသားဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဖြစ်သလို စီးတီးအတွက် ၃၇၂ ပွဲအထိ ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၄ - ၂၅ ရာသီမှာ အံ့အားသင့်ဖွယ်လက်စွမ်းကျလာခဲ့တာကြောင့် လူစာရင်းကနေချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အီဒါဆန်လက်စွမ်းကျလာခဲ့တာကြောင့် ဂွါဒီယိုလာဟာ ဂိုးသမားသစ်နေရာအတွက် ထရက်ဖို့ဒ်ကို ခေါ်ယူခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဘန်လေအသင်းကို ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ကနေ တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ထရက်ဖို့ဒ်ရဲ့နောက်မှာ အော်တီဂါက အရန်ဂိုးသမားအဖြစ် ရှိနေပြီး အီဒါဆန်က ချန်လှပ်ခံခဲ့ရတာကြောင့် အသင်းပြောင်းဖို့ အလားအလာများနေပါတယ်။ ဝုဗ်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ ဂွါဒီယိုလာက အီဒါဆန်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီမတိုင်ခင် အစာအိမ်ပြဿနာကြောင့် မပါဝင်နိုင်ခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် ကျယ်ပြန့်စွာထွက်ပေါ်လာတဲ့သတင်းတွေအရ အီဒါဆန်ဟာ ဂါလာတာစာရေးအသင်းထံပြောင်းဖို့ ဆွေးနွေးနေတာ အဆင်ပြေနေပြီး စီးတီးထံ ပေါင် ၈.၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
စီးတီးဘက်ကတော့ အပြောင်းအရွှေ့အတွက် စဉ်းစားနေပေမယ့် အချိန်တစ်ခုလောက် စောင့်ဆိုင်းနေကာ အီဒါဆန်က အသင်းပြောင်းဖို့ မီးစိမ်းပြထားပြီးဖြစ်ပါတယ်။ အသက် ၃၂ နှစ်သားဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၆ ကြိမ် ၊ အက်ဖ်အေဖလား ၂ ကြိမ် ၊ လိဂ်ဖလား ၃ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကိုလည်း ၃ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အီဒါဆန် နဲ့ ဆာဗင်ဟိုတို့အနာဂတ်နဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “တကယ်လို့ သူတို့ထွက်ခွာချင်တယ်ဆိုရင် သူတို့လာပါလိမ့်မယ်။ သူတို့ထွက်ခွာချင်တယ်ဆိုရင် သူတို့ တံခါးလာခေါက်မှာပါ။ တော့တင်ဟမ် ဒါမှမဟုတ် ဘယ်အသင်းမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော် အခုဆာဗင်ဟိုကို စိုးရိမ်သလို သူက လက်ကျန်ရာသီကို ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ သူ့အသက်က ၂၁ နှစ်ပဲရှိသေးတာကြောင့် အလားအလာအများကြီးရှိနေပါတယ်။
အဆုံးသတ်ပိုင်းသာ တိုးတက်ဖို့လိုအပ်နေတာဖြစ်ပြီး သူက အံ့ဖွယ်ကစားသမားပါ။ အဆုံးသတ်မှာ ကစားသမားရဲ့ဆန္ဒက အရာအားလုံးအထက်မှာရှိနေပါတယ်။ အဲ့နောက် သူတို့ အသင်းနဲ့သဘောတူညီမှုရဖို့ ရှာဖွေရပါမယ်။
တကယ်လို့ သဘောတူညီမှုမရရင် ကစားသမားက ဒီမှာပဲဆက်ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ အသင်းတွေက ဒီလိုကစားသမားတွေအတွက် ငွေသုံးရတာကြောင့်ပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ အီဒါဆန်ဟာ အသင်းကနေထွက်ခွာဖို့ တွန်းအားပေးနေပြီး မန်စီးတီးက ပီအက်စ်ဂျီစတား ဒွန်နာရမ်မာကို စိတ်ဝင်စားနေပါတယ်။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့တော့တင်ဟမ်အသင်းနဲ့ ယူအီးအက်ဖ်အေဖလားပွဲမှာ ပီအက်စ်ဂျီလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက ပီအက်စ်ဂျီဟာ ဒွန်နာရမ်မာကို စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်ခဲ့ပေမယ့် လိုင်လီဂိုးသမား ချီဗာလီယာကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒွန်နာရမ်မာကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေပြီး ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေပါတယ်။