The network connection is lost.

Banner Image

ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတဲ့ အတ္တလန္တာကြယ်ပွင့် အီဒါဆန်

လာမယ့် အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းက မျက်စိကျနေတဲ့ ကွင်းလယ်လူတွေထဲမှာ အီဒါဆန်ကလည်း တစ်ဦးအပါအဝင် ဖြစ်နေပါတယ်။

အိုးထရက်ဖို့ဒ်မှာ လေးနှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အင်တာမိုင်ယာမီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ့် ကတ်စီမီရိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် မိုက်ကယ်ကားရစ်က ကစားသမားသစ် ရှာဖွေနေတာပါ။

ပရီးမီးယားလိဂ်အတွင်းက အဲလက်စ်စကော့၊ ဆန်ဒရိုတိုနာလီ၊ အီးလီးယတ်အန်ဒါဆန်၊ ကားလို့စ်ဘလီဘာနဲ့ အာဒမ်ဝှေတန်တို့ကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲ ထည့်ထားသလို ပြည်ပကလပ်မှာ ကစားနေတဲ့ အီဒါဆန်ကလည်း မန်ယူအသင်း သဘောကျနေတဲ့ နာမည်တစ်ခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ စီးရီးအေကလပ် အတ္တလန်တာအသင်းမှာ ကစားနေတဲ့ အီဒါဆန်ဟာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေသူဖြစ်ပြီး နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ အသက် ၂၆ နှစ်အရွယ် အီဒါဆန်ဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ "လမ်းဖွင့်ထားတယ်" လို့ သိရပါတယ်။

အတ္တလန်တာအသင်းဘက်ကလည်း အားထားရတဲ့ ဒီကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း (ပေါင် ၃၈.၉ သန်း) ဝန်းကျင် အလိုရှိနေကြောင်း ရိုမာနိုက ထပ်လောင်းအတည်ပြုထားပြီး အီဒါဆန်ရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် သုံးပွဲ ကစားပေးထားတဲ့ အီဒါဆန်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ အီတလီမြေမှာ လေးနှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်မှာ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ချင်နေပြီး မန်ယူအသင်းက သူ့အတွက် အဲဒီအခွင့်အရေးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။