
နေမာရဲ့ဒဏ်ရာပြဿနာက ဘရာဇီးအသင်းကို ဘယ်လောက်အထိရိုက်ခတ်မှုရှိသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဒိုရီဗယ်လ်ဂျူနီယာ
မမျှော်လင့်ထားတဲ့ နေမာရဲ့ဒဏ်ရာပြဿနာကြောင့် ကိုလံဘီယာ၊ အာဂျင်တီးနားတို့နဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် နည်းဗျူဟာပိုင်းအစီအစဉ်တွေကို လုံးဝဥသုံပြောင်းလဲပစ်ခဲ့ရပါတယ်လို့ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြဒိုရီဗယ်လ်ဂျူနီယာက ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
ကိုလံဘီယာကို အိမ်ကွင်းမှာဧည့်ခံကစားရမယ့်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်း ဘရာဇီးနည်းပြက ဝါရင့်တိုက်စစ်မှူးပြန်လာမှုကို အခြေတည်ကာ အသင်းရဲ့ပွဲကြိုပြင်ဆင်မှုတွေကို စတင်ခဲ့တယ်လို့ ရှင်းပြပါတယ်။ ပွဲကစားရန်ရက်ပိုင်းသာလိုအပ်ချိန်မှာ နေမာက ကြွက်သားဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းလူစာရင်းမှ ထွက်ခွာခဲ့ရပါတယ်။
ဒိုရီဗယ်လ်ဂျူနီယာက “ နေမာပြန်လာနိုင်မှုအပေါ်မူတည်ပြီး အရာရာတိုင်းကို ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူရဲ့အခြေအနေ ပြန်မကောင်းလာခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ အသင်းရဲ့ပွဲထွက်လူစာရင်းကို ပြန်လည်ချိန်ညှိပြီး အပြောင်းအလဲအချို့နဲ့အတူ အချို့လှုပ်ရှားမှုတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်သွားရပါမယ်”လို့ ရှင်းပြပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက ပြင်းထန်ဒူးဒဏ်ရာနဲ့အတူ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိတဲ့ နေမာကို အခုတစ်ကြိမ်ပြန်လည်ရွေးချယ်မှုက မျှော်လင့်ချက်တွေ ကြီးကြီးမားမားဖြစ်ပေါ်စေခဲ့ပါတယ်။ဆော်ဒီဘောလုံးလောကမှာ ကာလအနည်းငယ်ဖြတ်သန်းပြီးနောက် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက ဇန်နဝါရီလအတွင်း ဆန်းတို့စ်ဆီ ပြန်လည်ရောက်ရှိလာပြီး သူ့ရဲ့ပုံမှန်ခြေစွမ်း ပြန်လည်ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ထပ်ဒဏ်ရာပြဿနာတစ်ခုကြောင့် နေမာကိုယ်တိုင်လည်း နောက်တစ်ကြိမ်ထပ်မံအနားယူသွားခဲ့ပြန်ပါတယ်။ ဒိုရီဗယ်လ်ဂျူနီယာက “ကျွန်တော်တို့တွေ သူ့ရဲ့အခြေအနေအပေါ် လေးစားမှုရှိဖို့လိုအပ်ပြီး အမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ပဲ မျှော်လင့်မိပါတယ်”လို့ မှတ်ချက်ပေးပါတယ်။ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပေမယ့် ဘရာဇီးအသင်းနည်းပြက သူ့ရဲ့အလုပ်ကို အကာအကွယ်ပေးခဲ့ပြီး အချို့ပုဂ္ဂိုလ်တွေ မျက်ကွယ်ပြုထားတယ်ဆိုရင်တောင် အသင်းအနေဖြင့် တိုးတက်ကောင်းမွန်လာခဲ့ပြီလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။
ဒိုရီဗယ်လ်ဂျူနီယာက “ကျွန်တော် တာဝန်ယူပြီးချိန်ကတည်းက ပြိုင်ဘက်ကို အမြဲလွှမ်းမိုးကစားနိုင်ခြင်း မရှိဘူးဆိုရင်တောင် ပြိုင်ဘက်ထက် ကျွန်တော်တို့တွေ အရည်အသွေးနိမ့်ကျနေတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”လို့ ဆိုပါတယ်။ မိမိလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုအပြည့်ရှိနေတဲ့ ဒိုရီဗယ်လ်ဂျူနီယာက အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်တွေ အချိန်နဲ့အမျှ လိုက်လျောညီထွေစွာ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်နေပါတယ်။