
ဒဏ်ရာပြဿနာကြောင့် ပေါ်တူဂီလူစာရင်းမှ ဒါလော့ နုတ်ထွက်
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့ဟာ ဒဏ်ရာပြဿနာကြောင့် ယခုလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားသွားမယ့် ပေါ်တူဂီအသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့ သိရပါတယ်။ ပေါ်တူဂီဟာ ယခုစက်တင်ဘာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲစဉ်တွေအဖြစ် အာမေးနီးယား၊ ဟန်ဂေရီတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒါလော့ကတော့ ဒဏ်ရာကြောင့် လူစာရင်းထဲက ထုတ်ပယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ကစားသမားဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်နည်းပြရူဘင်အာမိုရင်အတွက်လည်း ခေါင်းကိုက်စရာ ထိုးနှက်ချက်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားသီးယက်စ်ကွန်ဟာနဲ့ မေဆင်မောင့်တို့ကလည်း ပြီးခဲ့တဲ့အပတ်က ဘန်လေကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာတွေ အသီးသီးရရှိထားခဲ့ကြပြီး ယခုအခါမှာ ဒါလော့ကပါ ဆေးကုသမှုခံယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါလော့ဟာ နည်းပြအာမိုရင်ရဲ့ လက်စွဲတော်ကစားသမားဖြစ်ပြီး ဘယ်နောက်ခံမှာရော၊ ညာနောက်ခံမှာပါကစားနိုင်သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီကုန်မှာလည်း ဒါလော့ဟာ ခြေသလုံးဒဏ်ရာကြောင့် ပွဲစဉ် ၆ ပွဲအထိလွဲချော်ခဲ့ရသလို တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း မိနစ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပါတယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က "ဒီယေဂိုဒါလော့ဟာ ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒါလော့နေရာမှာ နူနိုတာဗာရက်စ်ကို အစားထိုးခေါ်ယူထားပါတယ်။ တာဗာရက်စ်ဟာ အသက်-၂၅ နှစ်အရွယ် လာဇီယိုကစားသမားဖြစ်ပြီး အာမေးနီးယားနဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မှာ ဒါလော့အစား ဝင်ရောက်ကစားသွားမှာဖြစ်ပါတယ်" လို့ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာပွဲစဉ်တွေအပြီး လာမယ့်စက်တင်ဘာလ ၁၄ ရက်နေ့မှာ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ အဆိုပါပွဲစဉ်မှာ ဒါလော့ကိုအသုံးမပြုနိုင်ပါက နောက်တန်းပိုင်းစွမ်းဆောင်ရည်ကောင်းရရှိဖို့ ရုန်းကန်သွားရနိုင်ပါတယ်။