ပြင်သစ်ပွဲတွေက ပျင်းစရာကောင်းရင် အခြားပွဲသွားကြည့်ပါလို့ တုံ့ပြန်လိုက်တဲ့ ဒက်စ်ချမ့်
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်က သူ့အသင်းရဲ့ပွဲစဉ်တွေက အလွန်ပျင်းရိစရာကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေကို ဂရုမစိုက်ကြောင်းနဲ့ ပျင်းစရာကောင်းရင် အခြားပွဲတွေသွားကြည့်ပါလို့ တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ် အသင်းအတွက် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဒက်စ်ချမ့်ဟာ ဗုဒ္ဓဟူးနေ့ မနက်မှာတော့ ယူရို ၂၀၂၄ ဆီမီးဖိုင်ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး သူ့ရဲ့အသင်းကို ဗိုလ်လုပွဲအထိပို့ပေးနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆွီဒင်သတင်းထောက်တစ်ဦးက ပြင်သစ်ရဲ့ပွဲတွေက ပျင်းရိငြီးငွေ့စရာကောင်းတယ်ဆိုတဲ့ မှတ်တွေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ဒက်စ်ချမ့်က “ကျွန်တော်တို့ပွဲတွေကိုကြည့်ရတာ ပျင်းစရာကောင်းတယ်ဆိုရင် ဘာလုပ်ရမလဲသိလား။ အခြားပွဲပဲသွားကြည့်လိုက်ပါ။ ပျင်းစရာကောင်းတယ်ထင်ရင် မကြည့်ပါနဲ့။ ဒါက ယူရိုချန်ပီယံပြိုင်ပွဲပါ။ လူတိုင်းအတွက် အရမ်းခက်ခဲပါတယ်” “အခုချိန်မတိုင်ခင်အထိ အရင်တုန်းက ဒီလိုအခြေအနေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ပြင်သစ်နိုင်ငံသူ နိုင်ငံသားတွေနဲ့ ဝေမျှလေ့ရှိပေမယ့် အခုကတော့ ကျွန်တော်တို့တိုင်းပြည်အတွက် အရမ်းခက်ခဲနေတဲ့အချိန်ကာလတစ်ခုပါ။ ဒါကြောင့် ဆွီဒင်လူမျိုးတွေအနေနဲ့ ကျွန်တော်တို့ပွဲတွေကိုကြည့်ရတာ ပျင်းစရာကောင်းနေရင် ကျွန်တော်စိတ်မကောင်းပါဘူး။ ပြီးတော့ ဒီအတွက်လည်း ကျွန်တော့်အနေနဲ့ ဘာမှခံစားနေမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ယူရိုအုပ်စုအဆင့်မှာ ဩစတြီးယားရဲ့အောက် ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းလာခဲ့တဲ့ ပြင်သစ်ဟာ ဘယ်လ်ဂျီယံကို OG နဲ့အနိုင်ရခဲ့သလို ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပေါ်တူဂီကို ပင်နယ်တီ အဆုံးအဖြတ်မှသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုစပိန်နဲ့ကစားရမယ့် ပွဲစဉ်မှာတော့ ပေါ်တူဂီနဲ့ပွဲကို ဆိုင်းငံ့ခံခဲ့ရတဲ့ ကွင်းလယ်လူရာဘီရော့ပါဝင်လာမှာဖြစ်လို့ ကွင်းလယ်အင်အားတောင့်တင်းနေတယ်လို့ ဆိုရပါမယ်။
ရာဘီရော့က “ကျွန်တော်တို့အသင်းက ပျင်းစရာကောင်းတဲ့အသင်းမဟုတ်ဘူးဆိုတာ ဆီမီးဖိုင်နယ် ရောက်နေတယ်ဆိုတဲ့အချက်နဲ့တင် သိသာနေပါပြီ။ ကျွန်တော်တို့ ဂိုးတွေသွင်းပြီး ဆုဖလားကိုကိုင်မြှောက်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပြင်သစ်နဲ့ယှဉ်ပြိုင်သွားရမယ့် စပိန်ဟာ အသင်းရဲ့အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ ဒန်နီကာဗာဂျယ်နဲ့ ရော်ဘင်လီနော်မန်တို့ကို ဆိုင်းငံ့ပြစ်ဒဏ်ကြောင့် ထည့်သွင်းနိုင်မှာမဟုတ်သလို ကွင်းလယ်လူ ပီဒရီကလည်း ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲပြီးတဲ့အထိ အနားယူသွားရမှာဖြစ်ပါတယ်။
စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီကလည်း ဒက်စ်ချမ့်ရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ ဘောလုံးပွဲတစ်ပွဲမှာ လှပတဲ့ကစားဟန်ရှိဖို့လိုအပ်ပေမယ့် အဆုံးမှာတော့ ရလဒ်ကသာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖူရန်တီက “ကျွန်တော်တို့အနေနဲ့ အနိုင်ရဖို့အတွက်လည်း အစီအစဉ်တွေကို ပြုလုပ်ထားပါတယ်။ ဒီအဆင့်မှာတော့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေက ဘယ်လောက်အထိ လက်တွေ့ကျမလဲဆိုတာ ရလဒ်အနေနဲ့ ထွက်ပေါ်လာပါလိမ့်မယ်။ ကျွန်တော် ပြင်သစ်အသင်းကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ သူတို့မှာ အလားအလာကောင်းနဲ့ အရမ်းအဆင့်မြင့်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့ပွဲတွေကို ကြည့်တဲ့အချိန်မှာ ပျင်းစရာကောင်းတယ်လို့ ထင်တဲ့လူက ထင်လို့ရပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ ပျင်းစရာကောင်းတယ်မထင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။