The network connection is lost.

Banner Image

ပြင်သစ်ကစားသမားတွေ ရင်ကွဲမတတ်ခံစားနေရတယ်လို့ ဝန်ခံခဲ့တဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်နည်းပြဒက်စ်ချမ့်စ်က အင်္ဂါနေ့မှာ စပိန်ကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့လွဲချော်ရမှုအတွက် သူ့ရဲ့ကစားသမားတွေ ရင်ကွဲမတတ်ခံစားနေရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူက အယ်လ်ဆာဗေးဒိုးနိုင်ငံသားဒိုင်လူကြီး အီဗန်ဘာတွန်ကိုလည်း ခနဲ့တဲ့တဲ့ ဝေဖန်သွားခဲ့ပါတယ်။

တိုက်စစ်ဖွင့်ပြီး အရှိန်မြှင့်ကစားလေ့ရှိတဲ့ ဒက်စ်ချမ့်စ်ရဲ့အသင်းက ဆီမီးဖိုင်နယ်အဆင့် မရောက်ရှိခင်အထိ ခြောက်ပွဲကစား၊ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ကမ္ဘာ့ဖလားသမိုင်းတလျှောက် အကောင်းဆုံးစာရင်းဝင်အသင်းအချို့နဲ့တောင် နှိုင်းယှဉ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ စပိန်အသင်းနဲ့ထိပ်တိုက်တွေ့ဆုံချိန် ပြိုင်ဘက်ရဲ့ အသာစီးရယူကစားသွားနိုင်မှုကြောင့် ပြင်သစ်ရဲ့တတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံအိပ်မက် ပျက်ပြယ်သွားခဲ့ပါတယ်။ ပွဲစဉ်အပြီး ရာထူးမှနုတ်ထွက်တော့မယ့် ဒက်စ်ချမ့်စ်က အခုရှုံးနိမ့်မှုအတွက် အဖြေရှာဖို့ အခက်တွေ့နေခဲ့ပါတယ်။

"တကယ်ကို စိတ်ပျက်မိတယ်ဆိုတာတော့ အမှန်ပါပဲ" လို့ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ AT&T Stadium ကွင်းရှုံးနိမ့်မှုအပြီး ဒက်စ်ချမ့်စ်က ပြောပါတယ်။

"ကျွန်တော်တို့မှာ ရည်မှန်းချက်ကြီးတွေ ရှိနေခဲ့ပြီး အခုတော့ အသင်းကစားသမားတွေအားလုံး ရင်ကွဲမတတ်ခံစားနေကြရပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျပြောရရင် ဒီနေ့ပွဲမှာ ပွဲကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တဲ့ ပြိုင်ဘက်အသင်းနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့နည်းစနစ်ပိုင်း တစ်ဆင့်နိမ့်နေခဲ့တယ်ဆိုတာကို ဝန်ခံရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ရဲ့အမှားပါပဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒက်စ်ချမ့်စ်က ယာမယ်လ်ကို မတော်တဆကန်မိခဲ့တဲ့ ဒစ်ဂ်နေးရဲ့ဖြစ်ရပ်အတွက် ပြိုင်ဘက်စပိန်ကို ပင်နယ်တီအခွင့်အရေးပေးခဲ့မှုနဲ့စပ်လျဉ်းလို့ ကွင်းလယ်ဒိုင်ဘာတွန်ကို ဝေဖန်ဖို့ မတုံ့ဆိုင်းနေခဲ့ပါဘူး။

"ကျွန်တော်မှာ မေးခွန်တွေ အများကြီးရှိပေမဲ့ ကျွန်တော်ကိုယ်တိုင် ပြန်ဖြေပေးလို့တော့ မရပါဘူး" လို့ ဒက်စ်ချမ့်စ်က ဆိုပါတယ်။ "ဒီဒိုင်လူကြီးက ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်လို ပွဲစဉ်မျိုးကိုကိုင်တွယ်ဖို့ လိုအပ်တဲ့ အရည်အချင်းမျိုး တကယ်ရောရှိရဲ့လား?"

"ဒီနေ့ပွဲစဉ်မှာ ရှုံးနိမ့်သွားလို့ ကျွန်တော် အခုလိုပြောနေတာ မဟုတ်ပါဘူး။ ပွဲတွင်းဖြစ်ရပ်တွေ အများကြီး ရှိခဲ့ပါတယ်။ တစ်ဖက်ကို ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်တချို့လည်း ရှိခဲ့တယ်" လို့ ဒက်စ်ချမ့်စ်က နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။