
၂၀၁၈ တုန်းက ဖြစ်ရပ်က ဘော်လွန်းဒီအော်ဆုထက် ပိုအမှတ်ရစရာလို့ ဒမ်ဘီလီ ပြောကြား
ဘော်လွန်းဒီအော်ဆုရှင် ဒမ်ဘီလီကတော့ ၂၀၁၈ တုန်းက တော့တင်ဟမ်နဲ့ပွဲက သွင်းဂိုးဟာ အခုလက်ရှိဘော်လွန်းဒီအော်ဆုထက် ပိုအမှတ်ရစရာလို့ ပြောကြားလိုက်ပါတယ်။
ပီအက်စ်ဂျီစတားဟာ ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီးနောက် ဘော်လွန်းဒီအော်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ ဖလား ၃ လုံးအပြင် ချန်ပီယံလိဂ်ဖလားပါရယူနိုင်ခဲ့ပြီးနောက် ဒမ်ဘီလီဟာ ယာမဲလ် ၊ အသင်းဖော် ဗီတင်ဟာတို့ကိုကျော်ဖြတ်ကာ ဘော်လွန်းဒီအော်ဆုကို ရယူနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီကတော့ အခုဆုထက် ၂၀၁၈ တုန်းက တော့တင်ဟမ်နဲ့ပွဲက ဘာစီလိုနာအတွက် သွင်းခဲ့တဲ့ဂိုးကို ပိုအမှတ်ရနေပါတယ်။ အဆိုပါပွဲမှာ ဒမ်ဘီလီဟာ တစ်ကိုယ်တော်အစွမ်းနဲ့ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့တာဖြစ်ပြီး ပွဲက ၁-၁ သရေကျခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဒမ်ဘီလီက “ကျွန်တော် ပြိုင်ဘက်ကို ဖိအားပေးခဲ့သလို သူက ဟန်ချက်အနည်းငယ်လွတ်သွားခဲ့ပါတယ်။ ကျွန်တော်ဘောလုံးပြန်ရလာပြီးနောက် ၂ ဦး နဲ့ ၁ ဦးရင်ဆိုင်ခဲ့ရတာပါ။
အဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ငါတစ်ယောက်တည်းဆွဲပြေးပြီး ဂိုးသွင်းမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကို ဆွဲပြေးလာခဲ့ပြီး အရှိန်တင်ခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း တကယ့်ရူးချင်စရာဖျက်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကိုကျော်ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲ့တာက ဘော်လွန်းဒီအော်ဆုထက် ပိုမိုက်ပါတယ်”လို့ ဒမ်ဘီလီက ပြောကြားခဲ့ပါတယ်။
ဒမ်ဘီလီက ဘန်ဇီးမားကိုလည်း ချီးကျူးခဲ့သလို ရီးရဲလ်စတားက ဘော်လွန်းဒီအော်ဆုကို ပထမဆုံးရရှိခဲ့တာဖြစ်ပြီး အခုဒမ်ဘီလီက ဒုတိယမြောက်ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားက သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် မှတ်ကျော်တင်ခံရဖို့ ငြင်းဆန်ခဲ့ပါတယ်။
“အဲ့တာက အပတ်တိုင်းပြောင်းလဲနိုင်ပါတယ်။ တစ်ပွဲမှာ ခင်ဗျားမကောင်းဘူးဆိုရင် ခင်ဗျားက အမှိုက်လို့ပြောကြပါလိမ့်မယ်။ နောက်ပွဲမှာကောင်းရင်တော့ ခင်ဗျားက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ပြောကြပါလိမ့်မယ်။ အဲ့တာက လူတိုင်းပါပဲ။ အခုဆုရခဲ့တာက အသင်းဖော်တွေကြောင့်လည်း ပါပါတယ်။ အခုဆုက ဘော်လွန်းဒီအော်အသင်းဆုပါ။ ကျွန်တော့်ဘာသာစကားအတွက် တောင်းပန်ပါတယ်”လို့ ဒမ်ဘီလီက ပြောကြားခဲ့ပါတယ်။
ဒမ်ဘီလီက ဘော်လွန်းဒီအော်ဆုကိုရရှိခဲ့ပေမယ့် သူ့အနေနဲ့ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။
“တကယ်လို့ ခင်ဗှားအနိုင်မရခဲ့ရင် အင်းနရစ်လို မဆာလောင်ဘူးဆိုရင် ခင်ဗျားက အရန်ခုံထိုင်ရမှာပါ။ ဒါမှမဟုတ် ခင်ဗျားနေရာကို အခြားကစားသမားက အစားဝင်မှာပါ”လို့ ဒမ်ဘီလီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အခုအပတ်မှာ လီဂူးဝမ်းချန်ပီယံဆုကို ကာကွယ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲတုန်းက မာဆေးလ်ကို အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။
အသက် ၂၈ နှစ်သားကတော့ လာမယ့်ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။