
တံကောက်ကြောဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ နားရမယ့် ဒီလက်ပ်
ချဲလ်ဆီးတိုက်စစ်မှူး လီယမ် ဒီလက်ပ်ဟာ နိုင်ငံတကာပွဲတွေမတိုင်ခင် ဖူလ်ဟမ်အသင်းနဲ့ပွဲမှာရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ အနားယူရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒီလက်ပ်ဟာ ၁၄ မိနစ်အကြာမှာ လူစားလဲလှယ်ခံခဲ့ရပြီး နည်းပြ အန်ဇို မာရက်စ်ကာကတော့ သောကြာနေ့မှာ ကစားသမားဟာ ၁၀ ပတ်ကနေ ၁၂ ပတ်အထိ အနားယူရဖွယ်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့လို့ ဇွန်လမှာ အစ်ပ်စ်ဝစ်ခ်ျ တောင်းအသင်းကနေ ပေါင် သန်း ၃၀ နဲ့ လန်ဒန်အခြေစိုက်ကလပ်ကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဒီလက်ပ်ဟာ ချဲလ်ဆီးရဲ့ ဒီရာသီ ၃ ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။ ဒီရာသီမှာတော့ သူဟာ လိဂ်ပွဲတွေမှာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေ မရရှိသေးပေမဲ့ ကမ္ဘာ့ကလပ်ဖလားမှာတော့ သူ့ရဲ့ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့ပါတယ်။
ဒီလက်ပ်ရဲ့ ဒဏ်ရာနှင့် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင်ရဲ့ မရေမရာဖြစ်နေတဲ့ အနေအထားကို တုံ့ပြန်တဲ့အနေနဲ့ ချဲလ်ဆီးဟာ တိုက်စစ်နေရာကို ဖြည့်တင်းဖို့အတွက် ဆန်းဒါးလန်းကို အငှားချထားတဲ့ မာ့ခ် ဂွီယူကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဒီနွေရာသီမှာ ဘရိုက်တန်ကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တဲ့ ဂျိုအို ပက်ဒရိုဟာ မာရက်စ်ကာရဲ့ အဓိကတိုက်စစ်မှူး ရွေးချယ်မှုဖြစ်လာဖွယ်ရှိပါတယ်။ နည်းပြ မာရက်စ်ကာက “ကျွန်တော်တို့အတွက် တစ်ဦးတည်းသော နံပါတ် ၉ တိုက်စစ်မှူးက မာ့ခ် ဂွီယူဖြစ်ပြီး ဂျိုအို ပက်ဒရိုလည်း ဒီနေရာမှာ ကစားနိုင်ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာလည်း တိုင် ဂျော့ခ်ျကို အသုံးပြုခဲ့ပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါကြောင့် ဒီလက်ပ်ဟာ စနေနေ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားမယ့် လန်ဒန်ဒါဘီပွဲစဉ်နှင့် ဗုဒ္ဓဟူးနေ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။