The network connection is lost.

Banner Image

မန်စီးတီးကစားသမားသစ်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့တဲ့ ဖိုဒန်

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ စိတ်ပျက်ဖွယ်ပရီးမီးယားလိဂ်ခရီးစဉ်အတွက် ပြင်ဆင်မှုတွေပြုလုပ်သွားရန် မန်စီးတီးအသင်းကို မဖြစ်မနေသွေးသစ်လောင်းဖို့ လိုအပ်ခဲ့တယ်လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားက PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်လာပြီးနောက် ၁၂ လတာကာလကို ကွင်းတွင်းကွင်းပြင်ရုန်းကန်ရမှုတွေနဲ့အတူ ကစားသမားသက်တမ်းတလျှောက် အဆိုးဝါးဆုံးရာသီအဖြစ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

အလားတူ မန်စီးတီးအသင်းကလည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားလက်မဲ့ဘောလုံးရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးကိုးရာသီဆက် အဆိုးဝါးဆုံးလိဂ်ရပ်တည်မှုနဲ့အတူ ရာသီပိတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် ချာကီ၊ ရိန်ဒါစ်၊ အစ်နူရီနဲ့ ထရက်ဖို့ဒ်တို့ကို မန်စီးတီးအသင်း ခေါ်ယူပြီးနောက် ဖိုဒန်က လာမယ့်ဘောလုံးရာသီသစ်မှာ ခိုင်မာအားကောင်းလှတဲ့ပုံစံသစ်တစ်ခုနဲ့အတူ သူ့ရဲ့အသင်း ပြုပြင်ပြောင်းလဲသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပက်ဂွါဒီယိုလာကတော့ မကြာသေးမီကပဲ အသင်းလူစာရင်းကျစ်လည်နေဖို့ လိုလားတယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိအသင်းလူစာရင်းမှာ အလွန်ကြီးထွားနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖိုဒန်ကတော့ ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုတွေ ပိုမိုယူဆောင်လာနိုင်ဖို့၊ အရာရာတိုင်းကို တုန်လှုပ်သွားစေဖို့ အသင်းအတွက် မျက်နှာသစ်ကစားသမားတွေ မဖြစ်မနေလိုအပ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

သူက “ ဘယ်ကလပ်အသင်းမှာမဆို ကစားသမားသစ်တွေ ပေါင်းထည့်ဖို့ လိုအပ်တဲ့ အချိန်တစ်ခုဆိုတာ အမြဲတမ်းရှိပါတယ်။ အခုအပြောင်းအရွှေ့ဈေးကွက်မှာ ကျွန်တော်တို့တွေ ဒီအချက်ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ကစားသမားသစ်တွေက အလွန်အဆင့်အတန်းမြင့်သလို အသင်းနဲ့လည်း အံဝင်ခွင်ကျဖြစ်ပြီး ကျွန်တော်တို့အတွက် မဖြစ်မနေလိုအပ်နေတဲ့အရာအချို့ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့လူစာရင်းတစ်ခု ရှိနေပါပြီ။

လူတိုင်းလည်း ပြီးခဲ့တဲ့ဘောလုံးရာသီအမှားတွေကို ပြင်ဆင်ချင်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အားလုံး ဆုဖလားတွေ ရယူချင်ကြပါတယ်။ အဝတ်လဲခန်းမှာလည်း ကပ္ပတိန်ဘာနာဒိုဆေးလ်ဗားနဲ့အတူ အတွေ့အကြုံရင့်ကစားသမားတွေ ရှိကြပါတယ်။ ဒါကြောင့် ကပ္ပတိန်က ကောင်လေးတွေကို တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ကျွန်တော်တို့အားလုံး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး အတိတ်မှာလည်း ပိုကောင်းအောင် လုပ်ခဲ့ဖူးပါတယ်။ အပြုသဘောဆောင်တဲ့အချက်အဖြစ် အတိတ်မှာအောင်မြင်အောင် လုပ်ဆောင်ခဲ့ဖူးတာကြောင့် ဒီလိုအောင်မြင်အောင် ပြန်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ပြင်းထန်ဒူးဒဏ်ရာရရှိသွားတဲ့ ဘော်လွန်းဒီအော်ဆုရှင်ရိုဒရီကို မန်စီးတီးတို့ ရာသီကုန်ကာလအထိ လက်လွှတ်ဆုံးရှုံးခဲ့ဖူးပါတယ်။ ဖိုဒန်ကတော့ ရိုဒရီပြန်လာနိုင်မှုမှတဆင့် မန်စီးတီးအတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ကစားသမားက “ ဒါက အဓိကအချက်ပါပဲ။ ကာလရှည်အနားယူခဲ့ရမှုကြောင့် ရာနှုန်းပြည့်ကြံ့ခိုင်မှုပြန်ရဖို့နဲ့ ပုံမှန်ခြေစွမ်းပြန်ရဖို့  အချိန်အနည်းငယ်ယူသွားရမယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ရိုဒရီဘာလုပ်ပြနိုင်သလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ရိုဒရီကို ဘယ်သူမှမရပ်တန့်နိုင်ပါဘူး။ သူနဲ့တွဲဖက်ကစားရတာ မယုံကြည်နိုင်စရာကောင်းပါတယ်။ သူနဲ့ဆိုရင် လုံခြုံမှုအပြည့်ရှိတယ်လို့ ခံစားရပါတယ်။ သူက ဘောလုံးကို မဆုံးရှုံးစေဘဲ အရာအားလုံး လုပ်ပေးနိုင်ပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက်အများစုထက် ရာသီကြိုလေ့ကျင့်ပြင်ဆင်မှု ကို နောက်ကျပြီးမှသာ စတင်နိုင်ခဲ့ပါတယ်။ သူတို့တွေက လာမယ့်စနေနေ့မှာ မိတ်ဖက်ကလပ်အသင်းဖြစ်တဲ့ စီရီးဘီကလပ်ပါလာမိုနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး သြဂုတ် ၁၆ ရက်မှာတော့ ဝုဗ်နဲ့အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားကာ ပရီးမီးယားလိဂ်ခရီးလမ်း စတင်သွားပါလိမ့်မယ်။