
မက်ဆီပြီးရင် ဒီဘရိုင်းက ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားပဲလို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
မိမိနဲ့လက်တွဲခဲ့ဖူးတဲ့ကစားသမားတွေအနက် အာဂျင်တီးနားဂန္တဝင်မက်ဆီနောက်ပိုင်း ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားမှာ မန်စီးတီးကွင်းလယ်ကစားသမားဒီဘရိုင်းဖြစ်တယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ဒါကြောင့် ပက်ဂွါဒီယိုလာအနေဖြင့် ဘာစီလိုနာနည်းပြဘဝမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ အင်နီယေစတာ၊ ဇာဗီတို့လို ကစားသမားမျိုးတွေ၊ မန်စီးတီးကွင်းလယ်ကစားသမားဟောင်းဒေးဗစ်ဆေးလ်ဗားတို့လို ကစားသမားတွေထက် အသင်းမှထွက်ခွာတော့မယ့် ဘယ်လ်ဂျီယံသားကို ပိုမိုကြိုက်နှစ်သက်ပုံရပါတယ်။
ဒီဘရိုင်းက အခုဘောလုံးရာသီပိတ်သိမ်းပြီးနောက် သူ့ရဲ့စာချုပ်သက်တမ်းပြည့်မြောက်ချိန်မှာ မန်စီးတီးနဲ့ ဆယ်စုနှစ်တစ်ခုကြာလက်တွဲခဲ့မှုကို အဆုံးသတ်မယ်လို့ ဧပြီလအတွင်း ကြေညာခဲ့ပါတယ်။ သူက မန်စီးတီးကစားသမားဘ၀ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ဒီညမှာ ဘုန်းမောက်ကို ဧည့်ခံကစားပါလိမ့်မယ်။
ပက်ဂွါဒီယိုလာကတော့ ဒီဘရိုင်းလို ဘောလုံးပေးပို့မှုကောင်းမွန်တဲ့ကစားသမားမျိုးရှာဖွေဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်လို့ ပြောဆိုလိုက်ပြီး ဘယ်လ်ဂျီယံသားကို မြင်တွေ့ဖူးသမျှ ဘောလုံးပေးပို့ပုံအကောင်းဆုံးကစားသမားသုံးဦးအနက် တစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ပထမဦးဆုံးကတော့ မက်ဆီပေါ့။ နောက်ထပ်နှစ်ယောက်လောက် ထပ်စဉ်းစားကြည့်ရအောင်… OK, ဒုတိယမြောက်အဖြစ် ဒီဘရိုင်းကို သတ်မှတ်ပေးပါရစေ။ မက်ဆီကတော့ ကျွန်တော်မြင်ဖူးသမျှ ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပြိုင်ဘက်ဂိုးဧရိယာနဲ့ အရမ်းကိုနီးစပ်နေတဲ့ဧရိယာထဲမှာ အခုလိုမျိုး ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းကလည်း အဲ့ဒီလိုကစားသမားမျိုးပါပဲ။ မက်ဆီနဲ့ ဒီဘရိုင်းကွာခြားသွားတဲ့အချက်လေးကတော့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ Final Third မှာ အသင်းကို အထောက်အကူပြုနိုင်မှုတွေနဲ့ အရည်အသွေးပိုင်းလောက်ပဲ ဖြစ်ပါတယ်။
ဒါ အတော်လေးထူးခြားပြီး အခုလိုစွမ်းဆောင်ရည်တွေကြောင့်ပဲ ဒီဘရိုင်းက ကလပ်အသင်းသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့တာပါ။ သူက ထူးရှယ်ကစားသမားတစ်ဦးဖြစ်နေလို့ သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့စကားလုံးတွေပဲ ရှိပါတယ်”လို့ ပြောပါတယ်။