The network connection is lost.

Banner Image

ပြင်သစ်မြေမှာ ပုံစံကောင်းပြနေတဲ့ လီဗာပူးကစားသမားဟောင်းကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ် စဉ်းစားနေ

လီဗာပူးနဲ့ကာလရှည်လက်တွဲမှု ကို အဆုံးသတ်ပြီး ပြင်သစ်မြေမှာ ဘောလုံးရာသီသစ်ကို အကောင်းဆုံးစတင်ထားနိုင်တဲ့ ကွင်းလယ်ကစားသမားတိုင်လာမော်တန်အတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ ခရစ္စတယ်ပဲလေ့စ်က စဉ်းစားချင့်ချိန်နေပါတယ်။ ပြင်သစ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Jeunes Footeux ရဲ့အဆိုအရ ခရစ္စတယ်ပဲလေ့စ်က အသက်-၂၃ နှစ်အရွယ်ကစားသမားကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုင်ယွန်မှာ ကစားသမားရဲ့တိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လီဗာပူးအကယ်ဒမီထွက်ကစားသမားမော်တန်က ကလေးဘဝကတည်းကပင် မာဆေးဆိုဒ်ကလပ်အသင်းနဲ့ လက်တွဲခဲ့ပြီး တိုးတက်မှုတွေ တဖြည်းဖြည်းပြသနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ စီနီယာအဆင့်ပွဲဦးထွက်ကို ရရှိခဲ့ပြီး ယာဂန်ကလော့ပ်လက်အောက် ပရီမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာ ပါဝင်ကစားခဲ့ပါတယ်။ တည်ငြိမ်မှုနဲ့ ဘောလုံးပေးပို့မှုအပိုင်းမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ပြသနိုင်ပေမယ့် မော်တန်က အန်ဖီးလ်ကွင်းလယ်ရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြောင့် ပွဲကစားချိန်မိနစ်တွေ တသမတ်တည်း မရရှိခဲ့ပါဘူး။

သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှု ကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် လီဗာပူးက ကစားသမားကို ဘလက်ဘန်း၊ ဟူးလ်စီးတီးတို့ဆီ အငှားချထားခဲ့ပါတယ်။ မော်တန်က ဘလက်ဘန်းမှာ ဗဟိုကွင်းလယ်ကစားသမားအဖြစ် နေရာရရှိလာပြီး ဟူးလ်စီးတီးမှာတော့ ချန်ပီယံရှစ်ရဲ့ထိပ်တန်းလူငယ်ကွင်းလယ်လူတစ်ဦးအဖြစ် အစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ၊ အန်းစလော့လက်အောက်မှာ မော်တန်အတွက် စီနီယာအသင်းပုံမှန်ပွဲကစားခွင့် ကန့်သတ်ခံခဲ့ရပြီးနောက် သူ့ရဲ့ကစားသမားဘဝအတွက် အမြဲတမ်းအခြေချနိုင်ဖို့ နေရာသစ်တစ်ခု ရှာဖွေခဲ့ပါတယ်။ ပြင်သစ်မီဒီယာတွေကတော့ အသင်းအတွက် ကွင်းတွင်းကွင်းပြင်အခက်ခဲဆုံးအချိန်မှာတောင် လိုင်ယွန်ရဲ့အတည်ငြိမ်ဆုံးစွမ်းဆောင်ရည်ရှိသူအဖြစ် မော်တန်ကို ဖော်ပြခဲ့ပါတယ်။

ဒါကြောင့်ပဲ ခရစ္စတယ်ပဲလေ့စ်က မော်တန်ကို အင်္ဂလန်မြေဆီ ပြန်ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။ လိုင်ယွန်ကိုယ်တိုင်လည်း ငွေကြေးအကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရပြီး လက်ခံနိုင်စရာကမ်းလှမ်းမှုမျိုး ရရှိမယ်ဆိုရင် ကစားသမားကို ရောင်းချသွားဖို့ စဉ်းစားနိုင်ပါတယ်။

အိုလီဗာဂလက်စ်နာလက်အောက် ရေရှည်တိုးတက်ပြောင်းလဲမှုအတွက် စီမံနေတဲ့ ခရစ္စတယ်ပဲလေ့စ်က မော်တန်ကို အသင်းကွင်းလယ်ပိုင်းအတွက် စွမ်းအင်သစ်၊ နည်းစနစ်အရည်အသွေးသစ်နဲ့ ပရီမီးယားလိဂ်အလားအလာကောင်းတွေ ပေါင်းထည့်ပေးနိုင်မယ့်သူလို့ ရှုမြင်နေပါတယ်။

မော်တန်အတွက်တော့ ဆုံးဖြတ်ချက်ချမှတ်ဖို့ဆိုတာ အချိန်အခါအပေါ်မှာ မူတည်နေပါသေးတယ်။ ကစားသမားနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ မော်တန်က ပုံမှန်ပွဲထွက်ခွင့်ရရှိနေတဲ့ လိုင်ယွန်မှာ အခြေကျပြီး သိပ်မကြာခင် အပြောင်းအရွှေ့တစ်ခုပြုလုပ်ဖို့အတွက် တွန်းအားပေးသွားဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့စွဲဆောင်မှုနဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ မပြီးပြတ်သေးတဲ့အလုပ်တွေ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်က နောက်ပိုင်းမှာ မော်တန်ရဲ့အတွေးတွေကို လွှမ်းမိုးသွားနိုင်ပါတယ်။